ခရစ္စအီဗန်အတွက် Iron Man ကြီးရဲ့လက်ဆောင်၊ ကပ္ပတိန်အမေရိကဗားရှင်း ဂန္ဓဝင်ပြိုင်ကား

မာဗယ်ရဲ့ Avengers ဇာတ်လမ်းတွေ ရိုက်ကူးလာတာ ဆယ်စုနှစ်တစ်ခုနီးပါ ကြာနေပါပြီ။ အဲဒါကြောင့် Avengers ဇာတ်လမ်းတွေထဲက သရုပ်ဆောင်တွေဟာလည်း အပြင်လက်တွေ့မှာပါ မိသားစုလို သူငယ်ချင်း မိတ်ဆွေတွေလို ရင်းနှီးနေကြပြီ ဖြစ်ပါတယ်။ အထူးသဖြင့် Iron Man သရုပ်ဆောင်မင်းသားကြီး ရောဘတ် ဒေါင်းနေးဂျူနီယာနဲ့ ကပ္ပတိန်အမေရိကမင်းသား ခရစ္စအီဗန်တို့ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တုန်းက ဒေါင်းနေး ဟာ အီဗန်အတွက် အမိုက်စားလက်ဆောင်တစ်ခုကို surprise အဖြစ် ပေးအပ်ခဲ့ပါတယ်။


အဲဒီလက်ဆောင်ကတော့ Captain America ဗားရှင်းအဖြစ် ပြောင်းလဲမွမ်းမံထားတဲ့ ဂန္ဓဝင်ခေတ်ဟောင်း ပြိုင်ကား Chevrolet Camaro ပဲ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၇၅,၀၀၀ တန်တဲ့ အဲဒီကားဟာ ၁၉၆၇ ခုနှစ်မိုဒယ် ဂန္ဓဝင်ပြိုင်ကား Camaro ကို အီဗန်ရဲ့ Avengers ဇာတ်ကောင် “Captain America” ဗားရှင်းအဖြစ် အမှတ်တရ ပြင်ဆင်ဖန်တီးထားတာပါ။


ဒေါင်းနေးက ဒီဇိုင်းထွင်ပြီး Speedkore က တည်ဆောက်ပေးထားတဲ့ အဲဒီပြိုင်ကားကို ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ်တုန်းက နာမည်ကျော်ကားမောင်းအစီအစဉ်တစ်ခုဖြစ်တဲ့ “Jay Leno’s Garage” မှာ ပွဲထုတ်ပြသ ခဲ့တာပါ။ အဲဒီအစီစဉ်မှာ အီဗန်ကိုယ်တိုင် ကားကို မောင်းနှင်ပြသခဲ့ပြီး ဒေါင်းနေးက သူ့ကိုလက်ဆောင် ပေးထားတဲ့အကြောင်းကို ထုတ်ဖော်ပြောပြခဲ့တာ ဖြစ်ပါတယ်။ ဒေါင်းနေးဟာ Avengers ရိုက်ကွင်းတစ်ခုမှာ အီဗန့်ကို ဘာကားကြိုက်လဲလို့ မေးခဲ့ဖူးပေမဲ့ အီဗန်အနေနဲ့ကတော့ အခုလို ကားတစ်စီးလုံး လက်ဆောင် ပေးလိမ့်မယ်လို့ မထင်ခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။


အီဗန်က အခုခေတ်ပေါ်ကားတွေထက် ဂန္ဓဝင်ခေတ်ဟောင်းကားမိုဒယ်တွေကို ပိုကြိုက်ကြောင်း ပြောခဲ့တာ ကြောင့် ဒေါင်းနေးက အခုလို Camaro ခေတ်ဟောင်းပြိုင်ကားကို မွမ်းမံပြီး လက်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီ Captain America themed Camaro ပြိုင်ကားဟာ ဒီဇိုင်းတင်မကဘဲ ကိုယ်ထည်အရောင်အသွေးက လည်း ခေတ်ဟောင်းကားတွေမှာ တွေ့ရတတ်တဲ့ အမိုက်စား စိမ်းဖန့်ဖန့်အရောင်မျိုးပါ။ ထူးခြားချက် တစ်ခု အနေနဲ့ ကားအတွင်းခန်းက စတီယာရင်ဘီးရဲ့ အလယ်ဗဟိုမှာ ကပ္ပတိန်အမေရိကရဲ့ လိုဂို “ဒိုင်း” ပုံစံကို ထည့်သွင်းဒီဇိုင်းထွင်ထားပါတယ်။


အဲဒီအပြင် ကားအတွင်းမှာ 1967 Camaro RS ဆိုတဲ့ မိုဒယ်နာမည်စာသားနဲ့အတူ စတိဗ်ရော်ဂျာ အထူးထုတ် “Steve Roger Special Edition”၊  ခရစ္စအီဗန်အတွက် အထူးတည်ဆောက်သည် “Custom Built for Chris Evans” နဲ့ “by Speedkore performance group” ဆိုတဲ့ စာသားတွေပါဝင်တဲ့ ပလိပ်ပြားတစ်ခုကိုလည်း ကားအတွင်းမှာ အကျအနတပ်ဆင်ထားပါတယ်။ ခေတ်ဟောင်းမိုဒယ်ဆိုပေမဲ့ ခေတ်သစ်နည်းပညာတွေနဲ့ ပြန်လည်မွမ်းမံထားတဲ့ အဲဒီကားမှာ 2.9 liter supercharged အင်ဂျင်ကို တပ်ဆင်ထားပါတယ်။


Iron Man နဲ့ Captain America တဖြစ်လဲ ဒေါင်းနေးနဲ့ အီဗန်တို့ဟာ ဇာတ်လမ်းတွေထဲမှာ တိုနီစတာ့ခ်နဲ့ စတိဗ်ရော်ဂျာအဖြစ် တွဲဖက်ညီခဲ့သလို အပြင်လက်တွေ့ဘဝမှာလည်း တကယ့်ကို ခင်မင်ရင်းနှီးကြတဲ့ မိတ်ဆွေရင်းချာတွေ ဖြစ်ပါတယ်။


by Cherry Mon


Ref; Business Insider, Menshealth, New Haven Register

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။