ရေကန်တူးရာမှ ရှေးခေတ်လှံတစ်ချောင်းတွေ့ရှိပြီးနောက် ဝိဉာဉ်ပူးကပ်ကာ မူလနေရာပြန်ထားခိုင်း

ယမန်နေ့ မေလ (၂)ရက်နေ့က မွန်ပြည်နယ် သထုံမြို့နယ်မှာ အစိုးရအဖွဲ့ဘတ်ဂျက်ရံပုံငွေဖြင့် ရေကန်တူးဖော်ဆောင်ရွက်နေသော လုပ်ငန်းခွင်အတွင်း ဝိဉာဉ်ပူးကပ်မှုများ ဖြစ်ပွားနေကြောင်း အဆိုပါ လုပ်ငန်းခွင်အတွင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဆိုပါ တာဝန်ရှိသူရဲ့ ပြောပြချက်အရ ရေကန်တူးဖော်ဆောင်ရွက်ရာမှ အသုံးပြုတဲ့ ဘတ်ဟိုးကြီးနဲ့ မြေသားတွေကို ကုတ်ယူနေတုန်း လှံပုံစံမျိုးတစ်ခုနဲ့ စိန်အသွားအချွန် သံချောင်းကွေးနှစ်ချောင်းကို တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ ၎င်းလှံတံပုံသဏ္ဍာန်(၆)ပေခန့်ရှိ သံချောင်းတွေကို တွေ့ရှိပြီးနောက် ပယောဂဆရာတစ်ဦးကို ဝိဉာဉ်ဝင်ပူးကပ်ပြီး သူ့ပစ္စည်း သူ့နေရာပြန်ထားဖို့ ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။

အဆိုပါ သထုံမြို့ရှိ ရေကန်ဟောင်းကြီးဟာ လွန်ခဲ့သည့်နှစ်ပေါင်း(၁၀၀)ခန့်က တူးဖေါ်ထားပြီး မီးရထားစက်ခေါင်းများအတွက် အဓိကအသုံးပြုခဲ့သလို အနီးအနားရပ်ကွက်များကလည်း သုံးစွဲခဲ့သော ရေကန်အဖြစ် သုံးစွဲခဲ့ကြပါတယ်။ ယခုအခါတွင် ရေရှားပါးတဲ့ ရပ်ကွက်များအတွက် ရေလှောင်နိုင်ရန် ပြည်နယ်ဘတ်ဂျက် ရံပုံငွေဖြင့် ပြန်လည်တူးဖေါ်နေခြင်းဖြစ်ပါတယ်။။

“ ထူးခြားဖြစ်စဉ်တွေရှိတယ်ဆိုလို့ တူးဖေါ်နေတဲ့ လုပ်ငန်းခွင်နေရာကိုသွားတော့ ဝင်ပူးတဲ့သူက အခုလုပ်ငန်းခွင်လုပ်တဲ့သူတွေက စည်းကမ်းရှိဘူး၊ ပတ်ဝန်းကျင်ကို စော်ကားတယ်၊ မိမိတို့ပိုင်တဲ့ ပစ္စည်းတွေကို သူတို့ယူပြီး ရောင်းစားထားတယ်။ အဲဒါတွေ သူ့နေရာမှာ သူထားပေးပါ ဆိုပြီးပြောတယ်လို့သိရတော့ စုံစမ်းလိုက်တာပေါ့။ နောက်တော့ (၆) ပေလောက်ရှိတဲ့ လှံလိုအရာတစ်ခုနဲ့ အလေးချိန် အချိန် (၂၀)လောက်ရှိတယ် စံပယ်ထိပ်ဖူးပါ သံချောင်းအကောက်ကြီးနှစ်ခုက သံဟောင်းရောင်းတဲ့ဆိုင်မှာ သွားရောင်းထားတယ်လို့ သိလိုက်ရတယ်။ အဲ့တော့ အခု ပိုက်ဆံပြန်ပေးပြီး ပြန်ယူလာကြပါတယ်။ ဖြစ်စဉ်ကတော့ တကယ်ဖြစ်သွားတာပါ ” လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ပြောပြပါတယ်။  

အဆိုပါ (၆)ပေခန့်ရှိ လှံပုံသဏ္ဍာန် သံချောင်းနဲ့ စံပယ်ဖူးသဏ္ဍာန်ပါ သံချောင်း အကွေးနှစ်ခုအား ဆက်စပ်ပါက ဟိန္ဒူဘာသာဝင်တို့ရဲ့ ကိုးကွယ်ရာ မဟာသီဝဘုရား၏ လက်နက်ပုံသဏ္ဍန်ဖြစ်ပေါ်လာခြင်းကြောင့် အချို့ကလည်း ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ လက်နက်ဖြစ်ပြီး ထိုလက်နက်ကို သွားရောက် ရောင်းစားခဲ့ခြင်းကြောင့် ယခုလို ပူးကပ်ခြင်းများဖြစ်လာကြောင်း ပြောဆိုနေကြပါတယ်။ 

 “ မီရထားကြေးနန်းနဲ့ အချက်ပြရာတွင် အသုံးပြုခဲ့သောပစ္စည်းများဟု ခန့်မှန်းရကြောင်း၊ အချွန်ထက်ပါသော သံချောင်းရဲ့ ကိုယ်ထည်များမှာ မူလီပေါက်များပါရှိသောကြောင့် ဘာသာရေး အသုံးအဆောင် မဖြစ်နိုင်ပါကြောင်း ” ကို တွဲစစ်မှူး(၃)မှ တာဝန်ရှိသူက လာရောက်လေ့လာသူများအား ရှင်းပြခဲ့ပါသေးတယ်။

လတ်တလော ပြောကြားချက်များအရ ရေကန်တူးဖေါ်ရေးလုပ်ငန်းဆောင်ရွက်နေသူများဟာ လုပ်ငန်းခွင်ဝင်ရောက်နေစဉ် အရက်သေစာ သောက်စားခြင်း၊ နေ့ည အနီးအနားရှိ အပင်များမှ ငှက်များအား ပစ်ခတ်စားသောက်ခြင်း၊ အလုပ်လုပ်ကိုင်နေစဉ် မထီမဲ့မြင် ပြုမူခြင်းများကြောင့် တူးဖေါ်နေသော ဘက်ဟိုးစက်ပျက်ခြင်း၊ စက်များနစ်မြုပ်ခြင်းများရှိနေကြောင်း သိရပါတယ်။ ဒါပေမဲ့ လာမယ့် တနင်္ဂနွေနေ့ (၅)နာရီရောက်ရင်တော့ အနှောင့်အယှက်ကင်းဝေးစေရန် ပွဲများပေးပြီး ပြန်လည်တောင်းပန်သွားမယ်လို့လည်း ရပ်ကွပ်နေ ပြည်သူများက ပြောကြားကြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။