အိုင်ဖုန်းကိုင်လျှင် လူချမ်းသာဟု ထင်ကြသည့်နိုင်ငံ

အိုင်ဖုန်းကိုင်ရင် လူချမ်းသာလို့ ကျွန်တော်တို့နိုင်ငံမှာထင်ကြပါသလား .. နိုးပါ .. အိုင်ဖုန်း XS ကိုင်ပြီး ဘတ်စ်ကားတိုးစီးနေသူများရှိသလို ကျွန်တော်ဆိုရင်လည်း အိုင်ဖုန်းလေးကိုင်ပြီး တက္ကစီဌားစီးနေရတုန်းပါ ( ကြုံတုံးမို့ကြွားတာပါ ) ကျွန်တော်တို့နိုင်ငံရဲ့ သဘောအရ အိုင်ဖုန်းကိုင်ရင် လူရှိန်တယ်ဆိုတာမှန်သင့်သလောက်မှန်ပေမယ့် အိုင်ဖုန်းကိုင်တိုင်း လူချမ်းသာစာရင်းတော့မသွင်းတတ်ပါဘူး။

ဒါပေမယ့် အမေရိက ကတော့ တစ်မျိုးပါ။

လူတွေရဲ့ လူနေမှုအဆင့်အတန်းကို အိုင်ဖုန်းနဲ့ခွဲခြားပါသတဲ့။ ကဲဗျာ .. ခင်ဗျားက လက်ရှိအချိန် ဒီမှာမဟုတ်ပဲ အမေရိက၊ နယူးယော့ခ်မြို့ထဲက ပဉ္စမရိပ်သာလမ်းမကြီး ( the fifth avenue ) ပေါ်ရောက်နေမယ်။ လက်ထဲမှာ စတားဘက်ခ်ကော်ဖီဗူးလေးကိုင်ထားမယ်။ အနောက်တိုင်းဝတ်စုံပြည့်ဝတ်ဆင်ထားပြီး လက်ထဲမှာ iPhone XS ကိုင်ပြီး လမ်းလျှောက်သွားတယ်ထား စော်လေးတွေ ခင်ဗျားမျက်နှာသေချာလိုက်မကြည့်ရင် ကျွန်တော့်ကိုကြိုက်သလိုပြော။ ( ခင်ဗျားက ရုပ်ဆိုးကြီးဆိုရင်တော့ တစ်မျိုးပေါ့ )

အိုင်ဖုန်းကိုင်တဲ့သူကိုမှ အမေရိကန်တွေက ဘောစိလို့ထင်ကြသတဲ့။ ဘာနဲ့တူလဲဆိုတော့ ဟိုးအရင်ခေတ်တွေက ကျွန်တော်တို့အိမ်တွေမှာ တီဗွီ၊ ရေခဲသေတ္တာ၊ အောက်စက် တို့ ကားတို့ပိုင်တဲ့ကောင်ကို ဘောစိလို့ထင်ကြသလိုမျိုးပေါ့။

အိုင်ဖုန်းတွေမပေါ်ခင် ၂၀၀၄ လောက်ကဆိုရင် စကော့တစ်ရှ်ဒိန်ခဲ၊ ကစ်ကိုမန် ပဲပုပ်ဆော့စ် နဲ့ Land O' Lakes ထောပတ်စားနိုင်တဲ့အိမ်တွေက ဘောစိအိမ်တွေလို့ အမေရိကန်တွေကသတ်မှတ်တယ်။ ၂၀၀၇ မှာ အိုင်ဖုန်းတွေပေါ်လာတဲ့နောက်ပိုင်းကစလို့ အိုင်ဖုန်းကိုင်တဲ့သူကို အမေရိကန်တွေက ( အဆင့်တစ်ခုရှိတဲ့လူတန်းစားတစ်ရပ် ) လို့သတ်မှတ်တော့တာပဲ။ ဒါပေမယ့် 4s လောက်ကိုင်ပြီး ဘောစိလို့အထင်ခံချင်လို့တော့မရဘူးပေါ့။ မော်ဒယ်ကိုလည်း သူတို့ကကြည့်ပါသေးတယ်။

ဘာနဲ့သက်ဆိုင်သလဲဆိုတော့ အိုင်ဖုန်းကိုကြည့်ရင် သူ့ရဲ့ဝင်ငွေကိုမှန်းလို့ရတာကိုး။ တစ်ချို့ကတော့ အဟောင်းပြန်အပ်ပြီး အသစ်နဲ့အလိုက်ပေးလဲကြတယ်။ တစ်ချို့က ထွက်တာနဲ့တန်းပြီး ဝယ်ကိုင်တယ်။ တစ်ချို့က အိုင်ဖုန်းထဲမှာမှ တန်ဖိုးနည်း XR လိုအရစ်ကျပေးလို့ရတဲ့ဖုန်းမျိုးကိုင်ကြတယ်။ ဘာပဲဖြစ်ဖြစ် iPhone ကိုင်နိုင်ရင်တော့ အမေရိက မှာ အဆင့်တစ်ခုရှိနေတာပါပဲ။ ဈေးကလည်းကြီးတယ်လေ။ တခြား android phone တွေက ဒေါ်လာတစ်ရာဆို iPhone က ဒေါ်လာ ၁၀၀၀ ဝန်းကျင်လောက်မှာရောက်နေတာမို့လို့ပါ။

အဲ့တော့ မြန်မာနိုင်ငံမှာနေရင်း ကိုယ့်ကိုကိုယ် ဘာအဆင့်မှမရှိဘူးလို့ခံစားရတယ်ဆိုရင် အိုင်ဖုန်းလေးယူသွားပြီး အမေရိက မှာသွားနေကြည့်ပါ။

Gabriel
Source - goodfullness

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။