
Endgame ပြီးတဲ့နောက်မှာ မာဗယ်ကနေ ဒီဇာတ်လမ်းတွေ ထပ်ထွက်လာဦးမှာပါ
ဧပြီ ၂၆ ရက်နေ့ကစလို့ ရုံတင်ပြသနေပြီဖြစ်တဲ့ Avengers: Endgame ရုပ်ရှင်ဟာ မာဗယ်စတူဒီယိုအတွက်တော့ စိတ်ဝင်တစားစောင့်ကြည့်အခံရဆုံး MCU (Marvel Cinematic Universe) ဇာတ်လမ်း ဖြစ်နိုင်သလို ကာလတစ်ခုစာအတွက် အဆုံးသတ်လည်း ဖြစ်ပါတယ်။ Endgame ပြီးသွားတဲ့နောက်မှာလည်း မာဗယ်ကနေ ကာလသစ်အတွက် ဇာတ်လမ်းသစ်တွေတင်မကဘဲ တခြား စူပါဟီးရိုးရုပ်ရှင်တွေနဲ့ ဇာတ်လမ်းတွဲတွေလည်း ထွက်ရှိလာဦးမှာပါ။
အဲဒါကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေတင်မက စူပါဟီးရိုးရုပ်ရှင်ပရိသတ်နဲ့ မာဗယ်ပရိတ်တွေအားလုံးအတွက် Endgame ပြီးတဲ့အခါ မာဗယ်ကနေ ဆက်လက်ထွက်ရှိလာဖို့ အလားလာရှိတဲ့ ဇာတ်လမ်းတွေကို လက်လှမ်းမီ သလောက် ဖော်ပြပေးလိုက်ပါတယ်။
1. Spider-Man: Far From Home
Endgame ပြီးရင် အစောဆုံးကြည့်ရမယ့် မာဗယ်ရဲ့ စူပါဟီးရိုးရုပ်ရှင်ကတော့ Spider-Man: Far From Home ဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။ Endgame ကို MCU timeline တစ်ခုရဲ့ အဆုံးသတ်လို့ ပြောကြပေမဲ့လည်း ဒီ Spider-Man: Far From Home မှာ အဲဒီအချိန်ကာလနဲ့ ဆက်စပ်တဲ့ အချက်တွေ ပါဝင်ဦးမှာ ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့ Spider-Man: Homecoming ရုပ်ရှင်တစ်ကား ထွက်ရှိထားပြီး Civil War, Infinity War နဲ့ Endgame တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စပိုက်ဒီလေး တွမ်ဟော်လန်ကပဲ ပင့်ကူလူသား (Spider-Man) အဖြစ် ပါဝင်ထားပါတယ်။
2. Black Widow
Avengers တွေနဲ့ အတူမဟုတ်ဘဲ Black Widow ရဲ့ တစ်ကိုယ်တည်းစွန့်စားခန်းတွေကို ရိုက်ကူးပြသမယ့် Black Widow solo ဇာတ်လမ်းကို ထွက်ရှိမယ့်ရက် မကြေညာရသေးပေမဲ့ နိုင်ငံတကာသတင်းမီဒီယာတွေမှာတော့ ၂၀၂၀ ပြည့်နှစ်လောက်မှာ ထွက်ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ Black Widow ဇာတ်ကောင်ဟာ ၂၀၁၀ ပြည့်နှစ် ရဲ့ Iron Man 2 မှာကတည်းက စတင်ပါဝင်ခဲ့ပြီး Endgame အထိလည်း ဆက်လက်ပါဝင်နေဆဲ မူလ Avengers အဖွဲ့ဝင်ဟောင်းတစ်ယောက် ဖြစ်ပါတယ်။
Black Widow နဲ့ ပတ်သက်လို့ ဘယ်လိုအချိန်ကာလကို အခြေခံသွားမယ်ဆိုတာ မသိရသေးပေမဲ့ Avengers အဖွဲ့ထဲမရောက်ခင် ရုရှားစပိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ အစောပိုင်းအချိန်ကာလဖြစ်မယ်လို့ အများက ခန့်မှန်းထားပါတယ်။ ရုပ်ရှင်ဖြစ်မလား ဇာတ်လမ်းတွဲဖြစ်မလား မသေချာသေးတဲ့ Black Widow ဇာတ်လမ်းမှာ အရင်ကတည်းက Black Widow နေရာမှာ အစဉ်တစိုက် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသမီးချော စကားလက်ဂျိုဟန်ဆင်ကပဲ သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
3. Black Panther 2
၂၀၁၈ ခုနှစ်တုန်းက နာမည်ကျော်လူသိများခဲ့ပြီး ဝင်ငွေလည်းကောင်းခဲ့တဲ့ Black Panther ဟာ MCU အတွက် ဇာတ်လမ်းသစ်ဖြစ်တာကြောင့် လာမယ့် ကာလသစ်မှာ သေချာပေါက်ပါဝင်လာမယ့် စူပါဟီးရိုးဇာတ်လမ်း ဖြစ်ပါတယ်။ ဇာတ်လမ်းထွက်မယ့်ရက်ကို အတိအကျမသိရသေးပေမဲ့ ဒါရိုက်တာကြီးရိုင်ယန်ကူဂလာကတော့ Black Panther ဇာတ်လမ်းသစ်အတွက် ဇာတ်ညွှန်းရေးသား စီစဉ်ရိုက်ကူးဖို့ စာချုပ်ချုပ်ဆိုခဲ့ပြီးပါပြီ။
4. Doctor Strange 2
နာမည်ကျော်ဟောလိဝုုဒ်မင်းသးကြီး ဘန်နက်ဒစ်ကမ်းဘားဘတ်ချ် သရုပ်ဆောင်ထားတဲ့ Dr. Strange ဟာ လည်း ပရိသတ်တွေအကြိုက်တွေ့ကြတဲ့ စူပါဟီးရိုးဇာတ်ကောင်တစ်ခုပါ။ အခုလက်ရှိအထိ solo ဇာတ်လမ်း တစ်ပုဒ်ပဲ ထွက်ထားရသေးတဲ့ Dr. Strange ဟာလည်း MCU ကာလသစ်မှာ ပါဝင်လာဦးမယ့် ဇာတ်ကောင် ဖြစ်ပါတယ်။ Doctor Strange 2 ထွက်ရှိမယ့်ရက်ကို မသိရသေးပေမဲ့ အရင်ဇာတ်လမ်းတုန်းက ဒါရိုက်တာ စကော့ဒါးရစ်ခ်ဆန်ကပဲ စီစဉ်ရိုက်ကူးသွားမှာ ဖြစ်ပြီး မင်းသား ကမ်းဘားဘတ်ချ်ကပဲ Dr. Strange နေရာက ပါဝင် သရုပ်ဆောင်သွားမှာပါ။
5. Guardians of the Galaxy 3
ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ဒါရိုက်တာ ဂျိမ်းစ်ဂန်းတစ်ယောက် တတိယမြောက် Gardians of the Galaxy ဇာတ်လမ်း သစ်အတွက် စီစဉ်ရိုက်ကူးသွားမယ့်အကြောင်း ဒစ်စနေးက ထုတ်ပြောခဲ့ပါတယ်။ GOTG 3 ကို လာမယ့် နှစ်မှာ ရိုက်ကူးထုတ်လုပ်သွားဖို့ စီစဉ်ထားပြီး အရင်ဇာတ်လမ်း ၂ ခုမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဆက်လက် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
6. The Eternals
မာဗယ်ပရိသတ်တွေ နောက်ထပ် ရင်ခုန်စောင့်မျှော်ရမယ့် စူပါဟီးရိုးဇာတ်လမ်းကတော့ The Eternals ပါပဲ။ စူပါဟီးရိုးဇာတ်လမ်းတော်တော်များများလိုပဲ ကာတွန်းကိုအခြေခံပြီး အသက်သွင်းပုံဖော်မယ့် အဲဒီဇာတ်ကားဟာ နတ်ဘုရားလို စွမ်းအားရှင်မျိုးနွယ်စုတစ်စုကို အခြေခံရိုက်ကူးထားတာပါ။ အဓိကဇာတ်ကောင်ဟာ ဂေး တစ်ယောက်လို့လည်း သိရပါတယ်။
The Eternals ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာမှာ ရုံတင်ပြသသွားဖို့ မျှော်လင့်ထားပြီး အခုနှစ်၊ စက်တင်ဘာကစလို့ ယူကေမှာ ရိုက်ကူးရေးလုပ်ငန်းတွေ စတင်တော့မယ်လို့ သိရပါတယ်။ ဇာတ်လမ်းမှာ ပါဝင်မယ့် ဇာတ်ကောင်အစုံအလင်ကို မသိရသေးပေမဲ့ နာမည်ကျော်ဟောလိဝုဒ်မင်းသမီးကြီး အင်ဂျလီနာဂျိုလီ နဲ့ Train to Busan ဇာတ်လမ်းမှာ ဒုတိယမင်းသားနေရာက ပါဝင်ခဲ့ဖူးတဲ့ တောင်ကိုရီးယားမင်းသားကြီး မာဒုံဆော့တို့ ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုကြေညာခဲ့ပြီးပါပြီ။
by Cherry Mon
Ref; Business Insider, PopCulture Media
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။