ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနဲ့ မီဂန်တို့ရဲ့ သားဦးရတနာလေးကို မေ ၆ ရက်နေ့က မွေးဖွားခဲ့

မေ ၆ ရက်နေ့က ဗြိတိန်ရဲ့ တော်ဝင်မိသားစုမှာ မျိုးဆက်သစ်လေးတစ်ယောက် ထွန်းကားလာပါပြီ။ အကြောင်းကတော့ ဗြိတိန်ရဲ့တော်ဝင်မင်းသားတစ်ပါးဖြစ်တဲ့ ဟယ်ရီနဲ့ ကြင်ယာတော် မီဂန်မာ့ကယ်လ် တို့ရဲ့ သားဦးရတနာလေးကို မနေ့က မွေးဖွားခဲ့တာကြောင့်ပါပဲ။ အဲဒီကလေးငယ်ဟာ ဗြိတိသျှဘုရင်မကြီး အယ်လိဇဘတ် (II) ရဲ့ ရှစ်ယောက်မြောက်မြစ်တော် ဖြစ်ပြီး ဗြိတိန်ထီးနန်းကို ဆက်ခံရမယ့် ခုနစ်ယောက် မြောက် တော်ဝင်မင်းသားလေးလည်း ဖြစ်ပါတယ်။


သားရတနာလေးဖွားမြင်တဲ့အကြောင်းကို ဟယ်ရီနဲ့ မီဂန်တို့ရဲ့ တရားဝင် Instagram စာမျက်နှာထက်မှာ တင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာသတင်းမီဒီယာတွေကလည်း ဝေေ၀ဆာဆာ ဖော်ပြခဲ့ကြပါတယ်။ တော်ဝင် မင်းသားငယ်လေးကို ၆ ရက်နေ့ မနက်အစောကြီးက မွေးဖွားခဲ့တာဖြစ်ပြီး ၇ ပေါင်နဲ့ ၃ အောင်စ ရှိပါတယ်။ ကလေးရော မိခင်ပါ ကျန်းမာတယ်လို့လည်း သိရပါတယ်။


အသက် ၃၄ နှစ်အရွယ် မင်းသားဟယ်ရီနဲ့ ၃၇ နှစ်အရွယ် မီဂန်တို့ဟာ ပြီးခဲ့တဲ့  ၂၀၁၈ ခုနှစ်၊ အစောပိုင်းတုန်းက တော်ဝင်အခမ်းအနားနဲ့ ထိမ်းမြားလက်ထပ်ခဲ့ကြတာ ဖြစ်ပါတယ်။ သာမန်အရပ်သူ ရုပ်ရှင်မင်းသမီးဟောင်း တစ်ယောက်လည်းဖြစ် အရင်အိမ်ထောင်လည်း ရှိခဲ့ဖူးတဲ့ မီဂန်ဟာ အဲဒီတုန်းက ဝေဖန်မှုတွေ ခံခဲ့ရဖူးပေမယ့် မိန်းကလေးတွေ အားကျလောက်တဲ့ တော်ဝင်မင်းသားရဲ့ ကြင်ယာတော်ဘဝကို ပိုင်ဆိုင်ခဲ့ပြီး တော်ဝင် မိသားစုဝင် ဖြစ်လာခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာတုန်းကတော့ မီဂန့်မှာ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အခု အချိန်မှာတော့ မီဂန်ဟာ မင်းသားဟယ်ရီအတွက် သားဦးရတနာလေးကို အောင်အောင်မြင်မြင် မွေးဖွားပေးလိုက်ပြီ ဖြစ်ပါတယ်။ ကလေးငယ်ရဲ့ နာမည်ကိုတော့ တရားဝင် မကြေညာရသေးပါဘူး။


မင်းသားဟယ်ရီဟာ အယ်လိဇဘတ် (II) ဘုရင်မကြီးရဲ့ အကြီးဆုံးသားဖြစ်တဲ့ နန်းမွေခံမင်းသား ချားလ်နဲ့ ကြင်ယာတော်ဟောင်း ဒိုင်ယာနာတို့ရဲ့ သားငယ် ဖြစ်ပါတယ်။ မင်းသားဟယ်ရီရဲ့ အစ်ကိုဖြစ်သူ မင်းသားဝီလျံနဲ့ သူ့ရဲ့ကြင်ယာတော် ကိတ်မစ်ဒယ်လ်တန်တို့မှာလည်း သားနှစ်ယောက်နဲ့ သမီး တစ်ယောက် ထွန်းကားနေပါပြီ။


by Cherry Mon


Ref; The Hollywood Reporter

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။