ဓာတ်ပုံနဲ့တကွ ထွက်ရှိလာတဲ့ ဆယ်လီနာဂိုးမက်ဇ်ရဲ့ Dating သတင်း

အမေရိကန်အဆိုတော်မင်းသမီးချောလေး ဆယ်လီနာဂိုးမက်ဇ်နဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ နှစ်အတော် ကြာအောင် ပြတ်လိုက်၊ ဆက်လိုက် ဖြစ်နေတဲ့ သမီးရည်းစားဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ အစောပိုင်း မှာတော့ လုံးဝပြတ်တောက်သွားခဲ့ပါပြီ။ အခုဆိုရင် ဂျက်စတင်ဘီဘာဟာလည်း ဟေလီနဲ့အတူ အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ပြီ ဖြစ်ပါတယ်။ ဆယ်လီနာကတော့ အဲဒီနောက်ပိုင်းကစလို့ တစ်ယောက်တည်းပဲ ငြိမ်နေခဲ့ပါတယ်။


အဲဒီလို သူတို့ရဲ့ဆက်ဆံရေးအပြီးပြတ်တောက်သွားခဲ့တဲ့ တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ အခုအချိန်မှာတော့ ဆယ်လီနာတစ်ယောက် တွဲခုတ်တဲ့သတင်း ပုံနဲ့တကွ စထွက်လာပါပြီ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ဆယ်လီနာ ဟာ သူငယ်ချင်းတစ်ခုနဲ့ Disney Land ကစားကွင်းကို သွားရောက်လာခဲ့ပါတယ်။ အဲဒီမှာ အရုပ်ကားစီးတဲ့အခါ သူတို့အဖွဲ့ထဲက အမျိုးသားတစ်ယောက်ရဲ့ပုခုံးကို မှီတွယ်ပြီး လိုက်စီးခဲ့ပါတယ်။ အဲဒီပုံကို ပါပါရာဇီတွေက အမိအရဓာတ်ပုံ ရိုက်ခဲ့ကြတာ ဖြစ်ပါတယ်။


သူ အခုလိုအလည်ထွက်တာကို သိစေချင်ဟန်မတူတဲ့ ဆယ်လီနာကတော့ အနက်ရောင်ဘောင်းဘီနဲ့ အနက်ရောင်ခေါင်းစွပ်အင်္ကျီကို ဝတ်ဆင်ထားပြီး ခေါင်းစွပ်အင်္ကျီရဲ့ဦးထုပ်ကိုလည်း တစ်ချိန်လုံးဆောင်းပြီး ရုပ်ဖျက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ဟောလိဝုဒ်အနုပညာလောကမှာ သတင်းအလိုက်ကြမ်းတဲ့ ပါပါရာဇီတွေရဲ့ လက်ကနေ လွတ်တဲ့ အနုပညာရှင်ဆိုတာ အတော်လေးရှားပါးပါတယ်။ အများရှေ့ကို ထင်ထင်ပေါ်ပေါ် ထွက်ချင်ဟန်မရှိသေးတဲ့ ဆယ်လီနာကတော့ 2019 Met Gala ပွဲကိုတောင် မတက်ရောက်ခဲ့ပါဘူး။


အသက် ၂၆ နှစ်အရွယ် ဆယ်လီနာဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတက်ပြီး ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့ရပါသေးတယ်။ အဲဒီနောက်ပိုင်း ဆယ်လီနာတစ်ယောက် အနုပညာ အလုပ်လေးတွေကို ခပ်ပါးပါးလုပ်ရင်း အေးအေးဆေးတေး အနားယူနေခဲ့ပါတယ်။ ဆယ်လီနာဟာ ၂၀၀၈ ခုနှစ် တုန်းက နစ်ခ်ဂျိုးနတ်စ်နဲ့ တွဲခုတ်ခဲ့ဖူးပြီး ၂၀၁၀ ပြည့်နှစ်ကျမှ ဂျက်စဆင်ဘီဘာနဲ့ စတွဲခဲ့တာပါ။ သူတို့ နှစ်ယောက် ခဏပြတ်သွားတဲ့အချိန်တုန်းကလည်း ဆယ်လီနာဟာ The Weeknd နဲ့ လပိုင်းလောက် တွဲလိုက် ပါသေးတယ်။ အခုဆိုရင်တော့ ဆယ်လီနာနဲ့ ဂျက်စတင်ဘီဘာတို့ရဲ့ ဆက်ဆံရေးဟာ လုံးဝပြတ်တောက်သွားခဲ့ပါပြီ။


 အခုဓာတ်ပုံမှာတွေ့ရတဲ့ ဆယ်လီနာနဲ့ အမျိုးသားတစ်ယောက်ရဲ့ နှစ်ယောက်တွဲပုံအရတော့ သူတို့နှစ်ဦးဟာ သာမန်သူငယ်ချင်းတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဆယ်လီနာဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက မင်းသားချော ဇက်အက်ဖ်ရွန်၊ One Direction အဖွဲ့က နီရယ်ဟိုရန်တို့နဲ့ တွဲခုတ်တဲ့ ကောလာဟလတွေ ထွက်ခဲ့သေးပေမဲ့ အခုလို ပုံနဲ့တကွ သတင်းထွက်လာတာကတော့ ပထမဆုံးလို့ဆိုရမှာပါပဲ။


by Cherry Mon


Ref; Daily Mail, Radar Online   

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။