ရေဘဝဲအရှင်စားပြဖို့ ကြိုးစားရင်း မျက်နှာဒဏ်ရာရသွားခဲ့တဲ့ ဘလော့ဂါမိန်းကလေး

အခုခေတ်မှာ လူမှုကွန်ယက်သုံးစွဲသူများပြားလာတာနဲ့ ဘလော့ဂါအမျိုးမျိုးလည်း ပေါ်ပေါက်လာပြီး နာမည်ကြီးအောင် သူတကာထက် ဆန်းပြားတဲ့ပုံစံတွေနဲ့ အမျိုးမျိုး တင်ဆက်လာကြပါတယ်။ အခုတလော ငါးနဲ့ ရေဘဝဲလို စားလို့ရတဲ့ တိရိစ္ဆာန်တွေကို အစိမ်းစားပြတဲ့ ဗီဒီယိုတွေလည်း အတော်လေးခေတ်ထနေပါတယ်။ မေ ၇ ရက် မနေ့ကလည်း တရုတ်နိုင်ငံက အွန်လိုင်းမှာ live လွှင့်လေ့ရှိတဲ့ ဘလော့ဂါတစ်ယောက်ဟာ ရေဘဝဲတစ်ကောင်ကို အရှင်စားပြဖို့ ကြိုးစားရင်း မျက်နှာကို ရေဘဝဲစုပ်တဲ့ဒဏ်ကို ခံလိုက်ရပါတယ်။


တရုတ်နိုင်ငံအခြေစိုက် Kuaishou မှာ “seaside girl Little Seven” လို့ လူသိများတဲ့ အဲဒီဘလော့ဂါမိန်းကလေးဟာ Live လွှင့်တဲ့ ဗီဒီယိုတွေကို share လေ့ ရှိပါတယ်။ မနေ့တုန်းကလည်း သူမဟာ ရေဘဝဲအရှင်ကို စားတဲ့ပုံကို Live လွှင့်ခဲ့ပါတယ်။ ဒါပေမဲ့ သူမရဲ့ ရေဘဝဲစားမယ့်အကြံဟာ အထမမြောက်ခဲ့ ပါဘူး။ အကြောင်းကတော့ သူမ စားဖို့ကြိုစားနေစဉ်မှာပဲ အကောင်နည်းနည်းကြီးတဲ့ ရေဘဝဲဟာ သူမမျက်နှာကို သူ့ရဲ့လက်တွေနဲ့ စုပ်ယူပြီး ပြန်လည်တိုက်ခိုက်ခဲ့တာကြောင့်ပါပဲ။


အဲဒီလို ရေဘဝဲလက်တွေနဲ့ စုပ်ယူခံရမှုကြောင့် အဲဒီ ဘလော့ဂါမိန်းကလေးဟာ နာကျင်စွာ အော်ဟစ်ပြီး ရေဘဝဲ လက်တွေကို သူမမျက်နှာပေါ်ကနေ ခွာခဲ့ပေမယ့် တော်တော်နဲ့ ခွာယူလို့မရခဲ့ပါဘူး။ ခွာလို့ရသွားချိန်မှာလည်း သူမ မျက်နှာပေါ်က အရေပြားဟာ စုပ်ပြတ်သပ်သွားပြီး တချို့နေရာတွေမှာ သွေးထွက်တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ရေဘဝဲလက်တွေနဲ့ စုပ်ယူခံလိုက်ရချိန်မှာ မိန်းကလေးဟာ “နာလိုက်တာ” ၊ “ဖယ်လို့မရတော့ဘူး” လို့ ကြောက်အားလန့်အား အော်ဟစ်ခဲ့ပါတယ်။


ရေဘဝဲကို မျက်နှာပေါ်က ခွာလို့ရသွားပြီးနောက်မှာလည်း အဆိုပါဘလော့ဂါဟာ “မျက်နှာတော့ ပျက်ပါပြီ”၊ “နောက်ဗီဒီယိုကျမှပဲ စားပြပါ့မယ်” လို့ အမှတ်မရှိ ထပ်ပြောခဲ့ပါသေးတယ်။ သူမဟာ အရင်တုန်းကလည်း အဲဒီလိုပဲ တခြားရေသတ္တဝါတွေကိုလည်း အရှင်စားပြခဲ့ဖူးပါတယ်။ အခုတစ်ခါ ရေဘဝဲကို စားပြချိန်မှာတော့ အခုလို ဒုက္ခကြုံခဲ့ရတာပဲ ဖြစ်ပါတယ်။


သူမ မျက်နှာမှာ ရေဘဝဲကပ်လို့ အော်ဟစ်နေတဲ့ အဲဒီ ဗီဒီယိုဟာလည်း အွန်လိုင်းသတင်းစာမျက်နှာနဲ့ လူမှုကွန်ယက်တွေမှာ အလျင်အမြန်ပျံ့နှံ့သွားခဲ့ပါတယ်။ သူမကိုလည်း ဝေဖန်ပြောဆိုသူတွေ အတော်လေး များပြားခဲ့ပါတယ်။ သူမဟာ အစကတည်းက သူမရဲ့ဘလော့ သိပ်မအောင်မြင်တဲ့အတွက် အခုလို လူသိများ အောင် ရေဘဝဲအရှင်စားပြဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။ အခုလည်း ရေဘဝဲမစားဖြစ်လိုက်ပေမဲ့ သူမမျှော်လင့် သလို နာမည်ကြီးလာခဲ့ပါပြီ။ ဒါပေမဲ့ အရင်းပြုလိုက်ရတာကတော့ သူမရဲ့မျက်နှာကို ဒဏ်ရာတွေရသွားစေခဲ့တာ ပါပဲ။


သူမရဲ့ ဖြစ်စဉ်ကိုကြည့်ပြီး သူမကိုယ်တိုင်ရော တခြားသူတွေပါ အခုလို အန္တရာယ်ရှိတဲ့သတ္တဝါကို မကစားသင့်တဲ့အကြောင်း သင်ခန်းစားတော့ အတော်လေးရသွားမယ်လို့ မျှော်လင့်ရပါတယ်။


by Cherry Mon


Ref; Business Insider
 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။