ကိုယ်တိုင်သွားရောက်ပြီး လိုအပ်တာတွေ လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ နွယ်နီ

အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေ၊ ပရိသတ်တွေများစွာနဲ့ ပျော်ရွှင်ခဲ့တဲ့ မင်းသမီးချော ခိုင်နှင်းဝေဟာ လက်ရှိအချိန်မှာ ပရဟိတ မင်းသမီးလေးလို့ လူအများရဲ့ ချီးမွမ်းသြဘာပေးခြင်းကို ခံနေရပါတယ်။ သူမဟာ သူမဖြတ်သန်းလာခဲ့တဲ့ (၁၀)နှစ်ကျော် အနုပညာ အလုပ်တွေထက် လက်ရှိမှာ ပြည်သူလူထုကို အကျိုးပြုတဲ့ ပရဟိတအလုပ်တွေကို အင်တိုက်အားတိုက်လုပ်ဆောင်နေတာပါ။ မင်းသမီးချောလေး ခိုင်နှင်းဝေဟာ ပရဟိတနဲ့ ကယ်ဆယ်ရေးအလုပ်တွေကို အမြဲစိတ်အားထက်သန်စွာ လုပ်ဆောင်နေရရင် ကျေနပ်နေတတ်တာမို့ နိုင်ငံတော်က ချီးမြှင့်ထားတဲ့ လူထုအကျိုးပြု ဆုတံဆိပ်တွေလည်း ရရှိထားသူလည်း ဖြစ်ပါတယ်။ 

အခုဆိုရင် သူမကို ချစ်တဲ့ ပရိသတ်တွေနဲ့ အနုပညာရှင်မောင်နှမတွေက ပရဟိတ မင်းသမီးကြီးလို့တောင် တင်စားခေါ်ဝေါ်နေကြပြီး သူမကိုယ်တိုင်ကလည်း လိုအပ်တဲ့နေရာတွေကို အမြဲနားဆွင့်ကာ စိတ်ရောကိုယ်ပါ လိုက်လံကူညီပြီး လှူဒါန်းလေ့ရှိနေပါတယ်။ လတ်တလောမှာတော့ ခိုင်နှင်းဝေဟာ ကင်ဆာရောဂါကြောင့် ဇာတ်ပို့သရုပ်ဆောင်အလုပ်ကနေ အနားယူထားရတဲ့ မနွယ်နီတို့ အိမ်ကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လိုအပ်တာတွေ လှူဒါန်းပြီး အားပေးစကားတွေ ပြောခဲ့တယ်လို့ သိရပါတယ်။

မထင်မှတ်ထားဘဲ ပရဟိတ မင်းသမီးကြီး အိမ်ကိုရောက်လာတဲ့အတွက် ဇာတ်ပို့သရုပ်ဆောင် မနွယ်နီတစ်ယောက် အလွန်ကို ပျော်ရွှင်နေပြီး မျက်ရည်မခိုင်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ လိုအပ်ပစ္စည်းတွေကို အသေးစိတ်ကအစ သေသေချာချာစီစဉ်ပြီး ပြင်ဆင်လာတဲ့ ခိုင်နှင်းဝေရဲ့ Surprise ကြောင့် မနွယ်နီရော ပရိသတ်များစွာပါ ထပ်တူဝမ်းသာကြည်နူးမှုတွေ ဖြစ်ခဲ့ရပါတယ်။

ခိုင်နှင်းဝေကတော့ “ ဟိုတစ်နေ့ညက MC သတင်း Page မှာ ဇာတ်ပို့အလွှာမှ သရုပ်ဆောင် မနွယ်နီ သတင်းလေးကိုကြည့်ပြီး အနုပညာသမား အချင်းချင်း ကိုယ်ချင်းစာမိလို့ ဒီနေ့ မနက်မှာ သူ့ အခက်အခဲ၊ သူ့ ကျန်းမာရေး၊ သူ့ သားသမီးလေးတွေရဲ့ ဘဝ အားလုံးအတွက် စဉ်းစားပြီး ဆေးဝါးကုသနိုင်ရန် အလှူငွေကျပ် (၆)သိန်း၊ အိမ်မှာ ပူဇော်နိုင်ရန် ဘုရားတဆူတို့အပြင် မနေ့က တရက်တည်းနဲ့ လွယ်လွယ်ကူကူ ဈေးရောင်းနိုင်ဖို့အတွက် လှည်း၊ လိုအပ်တဲ့ အိမ်ထောင်သုံး စားစရာ၊ ကလေးအတွက် မုန့်၊ အရုပ်တွေအပြင် ရောင်းချနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ တိုက်ရိုက် တင်သွင်းသော အကင်စုံတို့ကို သွားရောက် လှူဒါန်းပေးခဲ့ပါတယ်ရှင် …။

ကျွန်မကိုမြင်တော့ ဝမ်းသာလွန်းပြီး မျက်ရည်ကျတာမြင်တော့ ကျွန်မလည်း ပင်ပန်းတာတွေ ပျောက်တဲ့ထိ ကြည်နူးပီတိဖြစ်မိပါတယ်။ ယခု အလှူအတွက် တူတူပူးပေါင်း ပါဝင်လှူဒါန်းပေးခဲ့သော USA မှ အလှူရှင်တစ်ဦးနှင့် Mother's Choice ၊ သတင်းလိုက်လံ ရိုက်ကူးပေးသော MC နှင့် အလင်းတန်း အဖွဲ့သားများကိုလည်း ကျေးဇူးအများကြီးတင်ရှိပါတယ်ရှင် …။ ကျွန်မ ခုလိုရပ်တည်နိုင်တာ အလှူရှင်များနှင့် မီဒီယာများမရှိရင်လည်း မဖြစ်တာမို့ အားလုံးကို ဒီနေရာကနေ ကျေးဇူးအများကြီးတင်ရှိပါကြောင်း ပြောကြားချင်ပါတယ်ရှင် ” ဆိုပြီး သူမရဲ့ ဝမ်သားပီတိဖြစ်မှုတွေကို လူမှုကွန်ယက်ပေါ်မှာ ရေးသားထားခဲ့ပါတယ်။

">

Source; Khine Hnin Wai FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။