ကားမောင်းရင်းဖုန်းသုံးခဲ့တာကြောင့် ယာဉ်မောင်းနှင်ခွင့် ၆ လ အပိတ်ခံခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်း

တစ်ချိန်က နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်ဖြစ်ခဲ့ဖူးတဲ့ နာမည်ကျော် အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းတစ်ယောက် ပြီးခဲ့တဲ့ ကြာသာပတေးနေ့တုန်းက အင်္ဂလန်နိုင်ငံမှာ ယာဉ်မောင်းနှင်ခွင့် ၆ လ အပိတ်ခံခဲ့ရပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့နှစ်က ကားမောင်းရင်းနဲ့ လက်ကိုင်ဖုန်း အသုံးပြုခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒီအကြောင်းကို ဘီဘီစီသတင်းဌာနက သတင်းရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။


ကုန်ပစ္စည်းကြော်ငြာမိုဒယ်တစ်ယောက်လည်း ဖြစ်တဲ့ အသက် ၄၃ နှစ်အရွယ် ဘောလုံးသမားဟောင်း ဘက်ခမ်းဟာ လန်ဒန်မြို့တော် အလယ်ပိုင်းမှာ သူ့ရဲ့တန်ဖိုးကြီး Bentley ဇိမ်ခံကားကြီးကို မောင်းနှင်နေချိန်မှာ သူ့ရဲ့လက်ကိုင်ဖုန်းကို ဒူပေါ်တင်ပြီး အသုံးပြုခဲ့တာကြောင့် အခုလို အပြစ်ဒဏ်ပေးခံခဲ့တာပါ။ ဘက်ခမ်းဟာ ယာဉ်ကြော ဖြည်းဖြည်းချင်းရွေ့လျားနေရချိန်မှာ သူ့ဖုန်းကို အောက်ငုံ့ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဘီဘီစီ သတင်းဌာနရဲ့ အဆိုအရ ဘက်ခမ်းဟာ အရင်ကလည်း ကားအမြန်မောင်းနှင်မှုအတွက် ပြစ်မှု ၆ ခု ရှိခဲ့ဖူး ပါတယ်။


သက်ဆိုင်ရာတရားသူကြီးကလည်း ဘက်ခမ်းဟာ ဥပဒေနဲ့ဆန့်ကျင်တဲ့ အပြုအမူအတွက် ပြစ်ဒဏ်ကင်းလွင့်ခွင့် လုံးဝမရနိုင်ကြောင်း ထုတ်ပြောခဲ့ပါတယ်။ ဘက်ခမ်းဟာ အခုလို ကားမောင်းရင်းဖုန်းသုံးတဲ့ ပြစ်မှုကြောင့် အင်္ဂလန်မှာ ကားမောင်းခွင့် ၆ လ အပိတ်ခံရရုံတင်မကဘဲ ဒဏ်ကြေးလည်း ထိခဲ့ပါတယ်။ ဘက်ခမ်းဟာ အမေရိကန်ဒေါ်လာ ၉၇၆ ဒသမ ၅၁ ဒေါ်လာ ဒဏ်ကြေးထိခဲ့ပြီး တရားစီရင်ရေးစရိတ်အဖြစ် ၁၃၀ ဒသမ ၂၀ ဒေါ်လာနဲ့ အပိုကြေးအဖြစ် ၉၇ ဒသမ ၆၅ ဒေါ်လာကို ၇ ရက်အတွင်း ပေးဆောင်ဖို့ အမိန်ချမှတ်ခံခဲ့ရပါတယ်။


ဘက်ခမ်းရဲ့ အဲဒီပြစ်မှုဟာ ပြီးခဲ့တဲ့လကတည်းက ချမှတ်ခံခဲ့ရတာ ဖြစ်ပေမဲ့ အခုရက်ပိုင်းအထိ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို အပြစ်ဒဏ်ချမှတ်ခံရမှုအတွက် ဘက်ခမ်းဘက်ကတော့ ဘယ်လိုတုံ့ပြန်ပြောဆိုမှုမျိုးမှ မရှိဘဲ တိတ်ဆိတ်နေခဲ့ပါတယ်။ ဘက်ခမ်းတစ်ယောက် ယူကေ တရားရုံးကို လာရောက်ချိန်မှာတော့ သူ့ရဲ့ နာမည်ဟာ ဒေးဗစ်ရောဘတ်ဂျိုးဇက်ဘက်ခမ်း ဖြစ်ကြောင်းနဲ့ သူဟာ လန်ဒန်မြို့တော်၊ ဟော်လန်ပါ့ခ်မှာ နေထိုင်ကြောင်း အတည်ပြုဖော်ပြသွားခဲ့ပါတယ်။


ကားမောင်းရင်း ဖုန်းသုံးတာဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတစ်ခု ဖြစ်တာကြောင့် ဥပဒေကြောင်းအရ အပြစ်ရှိပြီး ၆ လအတွင်းမှာ ကားတင်မက မော်တော်ဆိုင်ကယ်လည်း မောင်းနှင်ခွင့်မရှိပါဘူး။ တရားရုံးကို လာချိန်မှာတော့ ဘက်ခမ်းဟာ ယာဉ်မောင်းမောင်းနှင်တဲ့ အနက်ရောင် Range Rover ကားကြီးမှာ ခရီးသည် နေရာကနေ လိုက်ပါလာခဲ့တာ ဖြစ်ပါတယ်။ တရားရုံးက ထွက်ခွာလာချိန်မှာလည်း သတင်းသမားတွေကို စကားတစ်ခွန်းမှမပြောဘဲ ကားထဲပြန်ဝင်သွားခဲ့တယ်လို့ ဆိုပါတယ်။


by Cherry Mon


Ref; The Hollywood Reporter, Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။