ကြောင်လေးတွေကို သင့်အိပ်ရာထဲမှာ ပေးအိပ်သင့်သည့်အကြောင်းအရင်း

ကြောင်လေးတွေနဲ့ သူတို့ရဲ့သခင်မတွေကြားမှာ ထူးခြားတဲ့ ဆက်နွယ်မှုတစ်ခုရှိနေပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကြောင်လေး ၄၁ ကောင်နဲ့သူတို့ကို မွေးတဲ့ မိသားစုတွေကြားက ဆက်ဆံရေးတွေကို လေ့လာခဲ့ပါတယ်။ ကြောင်လေးတွေဟာ သခင်ထက် သခင်မနားကိုပိုကပ်ပြီးတော့ သခင်မတွေနဲ့ ရင်းနှီးမှုက ပိုလေးနက်တယ်လို့လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒါကြောင့် သခင်မအပေါင်းတို့ရေ။ ကြောင်လေးတွေက သင်တို့နဲ့ အချိန်တွေအများကြီး ဖြတ်သန်းချင်သူတွေပါ။ သူတို့ကို မတားမြစ်ပါနဲ့။

academic, aesthetic, and animals image 

ကြောင်ချစ်သူအပေါင်းတို့ ကြုံကြရမှာပါ။ ကြောင်လေးက ကိုယ်ဘယ်နားရောက်နေနေ မတွေ့တွေ့အောင်ရှာပြီး ကိုယ့်နားလာထိုင်တာမျိုး၊ စာလုပ်နေလည်း စာကြည့်စားပွဲပေါ်လာအိပ်တာမျိုး၊ အလုပ်လုပ်နေလည်း Keyboard ပေါ်လာတက်တာမျိုးပေါ့။ မင်မင့်ကြောင်ဆို အိမ်သာထဲထိလိုက်တယ်။ သင့်နားမှာ တစ်ချိန်လုံးကပ်နေတာဟာ သူသင့်ကို ဘယ်လောက်ချစ်ကြောင်းသိနိုင်တဲ့အချက်ပါပဲ။ သင့်အိပ်ယာထဲလာအိပ်တယ်ဆိုတာလည်း သင့်နားမှာပဲ သူနေချင်လို့၊ သင့်နားနေရင် သူလုံခြုံသလိုခံစားရလို့ပါ။ ဒါကြောင့် သူတို့လာအိပ်ရင် မောင်းမထုတ်လိုက်ပါနဲ့။ အဲလို ကြောင်လေးတွေနဲ့အတူအိပ်ယာဝင်တာက သင့်အတွက်လည်း ကောင်းကျိုးလေးတွေ ရှိပါတယ်။

 animals, cat, and like image

စိတ်ဖိစီးမှုတွေလျော့ကျစေတယ်

အိမ်မွေးတိရိစ္ဆာန်မွေးတာက ချစ်ခြင်း၊ ယုယခြင်းနဲ့ ဆိုင်တဲ့ ဟော်မုန်း (oxytocin) ကို ထုတ်ပေးပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုက ကြောင်လေးတစ်ကောင်ပိုင်ဆိုင်ထားရင် နှလုံးရောဂါ သုံးပုံ တစ်ပုံ လျော့ကျစေပါတယ်တဲ့။ အရမ်းဆိုးရွားတဲ့ နေ့တစ်နေ့ရဲ့အဆုံးမှာ အိပ်ရာဝင်တော့မယ်ဆိုရင် ကြောင်လေးကို သင့်အိပ်ယာထဲထားသိပ်တာက စိတ်ဖိစီးမှုပြေလျော့စေပြီး စိတ်သက်သာရာ ရစေမှာပါ။

animals, baby, and Best image 

စိတ်အေးချမ်းစေတယ်

သင့်ရဲ့ကြောင်နဲ့ပွတ်သီးပွတ်သပ်လုပ်ပြီး ထွေးပွေ့ခြင်းက သင့်ရဲ့စိတ်ကို ငြိမ်သက်စေပြီး သင့်ရဲ့စိတ်တွေကို ကြည်လင်လန်းဆန်းလာစေမှာပါ။ အရမ်းကို ဝမ်းနည်းနေရတဲ့အခါ ဒါမှမဟုတ် အရမ်းဒေါသထွက်နေတဲ့အခါ ဘာရယ်မဟုတ်ဘူး ကြောင်လေးကို ပွတ်သပ်လိုက်တာနဲ့ စိတ်တွေသက်သာရာရသွားတာမျိုး ကြောင်ချစ်သူတိုင်းကြုံဖူးမှာပါ။ ဒါကြောင့် အရမ်းစိတ်ညစ်လို့ ခေါင်းအုံးထဲ ခေါင်းကြီးထိုးပြီး ငိုမယ့်အစား ကြောင်လေးကို ပွတ်သပ်ပြီး ငိုလိုက်ပါ။ ပြဿနာတွေပြေလည်မသွားပေမယ့် သင့်ရဲ့စိတ်တွေ တည်ငြိမ်အေးချမ်းသွားပါလိမ့်မယ်။ 

Inspiring Image on We Heart It 

အိပ်ပျော်စေတယ်

အမွှေးထူတဲ့ အကောင်လေးတွေနဲ့အိပ်တာက ဇိမ်အကျဆုံး အိပ်ပျော်နိုင်တဲ့နည်းပါပဲ။ လေ့လာသူတွေကလည်း ဒါကို လက်ခံထားကြပါတယ်။ အရီဇိုးနားက မေယိုဆေးခန်းရဲ့ အိပ်ပျော်ခြင်းအတွက် ကူညီတဲ့ စင်တာမှာ လူနာ အယောက် ၁၅၀ ကို ကြောင်လေးတွေနဲ့ အိပ်ခိုင်းပြီး စမ်းသပ်ခဲ့ပါတယ်။ သူတို့ထဲက ၄၁ ရာခိုင်နှုန်းဟာ ကြောင်လေးတွေကို ခေါ်သိပ်တာက အိပ်ပျော်ခြင်းအတွက် အထောက်အကူပြုတယ်လို့ ထောက်ခံခဲ့ပါတယ်။ ဒါကြောင့် မျက်စိကြောင်ပြီး အိပ်မပျော်တဲ့ညတွေမှာ ကြောင်လေးကို ခေါ်သိပ်လိုက်နော်။

cat, animal, and aesthetic image 

ကြောင်လေးတွေကို အိပ်ယာထဲမှာ ပေးအိပ်သင့်တဲ့ နောက်ဆုံးအကြောင်းရင်းကတော့ သူတို့ကို မအိပ်နဲ့လို့ ပြောလို့မရလို့ပါ။ ကြောင်တွေက ခေါင်းမာပါတယ်။ သူတို့မလုပ်ချင်တာကို အတင်းခိုင်းလို့မရပါဘူး။ ကြောင်လေးတွေဟာ အကျင့်တစ်ခုကို စွဲစွဲမြဲမြဲလုပ်တတ်တဲ့ သတ္တဝါတွေပါ။ တစ်ညလောက် သူ့ကိုခေါ်သိပ်လိုက်တာနဲ့ ညတိုင်းလာအိပ်နေတော့မှာ။ အကြံပေးချင်တာကတော့ ကြောင်လေးတွေလာလာအိပ်လို့ စိတ်တိုမနေပါနဲ့။ ပျော်ပျော်ကြီးသာပေးအိပ်လိုက်ပါ။ သူအိပ်ရတာ ရိုးအီသွားရင် နောက်တစ်နေရာပြောင်းချင်ပြောင်းမှာပေါ့။

Ref; SandyTheBlogger

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။