အစားလျှော့စရာမလိုဘဲ ငှက်ပျောသီးစားရုံနဲ့ ဝိတ်ကျစေမယ့် ဂျပန်ဝိတ်ချနည်း အဆင့် ၃ ဆင့်

သိပ်မကြာသေးခင် နှစ်ပိုင်းလောက်ကစပြီး ဂျပန်နိုင်ငံမှာ ငှက်ပျောသီးနဲ့ဝိတ်ချခြင်းဟာ အတော်လေးရေပန်းစားလာခဲ့ပါတယ်။ အကြောင်းကတော့ ငှက်ပျောသီးဟာ ကိုယ်အလေးချိန်ကျဖု့ိအတွက် ထိထိရောက်ရောက် အထောက်အကူဖြစ်စေလို့ပါပဲ။ ငှက်ပျောသီးနဲ့ဝိတ်ချတယ်ဆိုတာ မကြုံဖူးရင်တော့ အံ့သြစရာပါပဲ။


ငှက်ပျောသီးနဲ့ ဝိတ်ချနည်း အမျိုးမျိုးရှိပေမဲ့ မနက်ခင်းမှာ ငှက်ပျောသီးနဲ့ ဝိတ်ချနည်းကတော့ ဂျပန်မှာ နာမည်အကြီးဆုံး ဝိတ်ချနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အစားတစ်နပ်စားတိုင်း ဗိုက်မပြည့်ခင်မှာ ငှက်ပျောသီးတစ်လုံးစားပေးတာဟာလည်း ဝိတ်ချနည်းတစ်မျိုးပါပဲ။ အဲဒီအပြင် ညစာမစားခင်မှာ ငှက်ပျောသီးတစ်လုံး စားပေးခြင်းဟာလည်း ဝိတ်ကျချင်သူတွေအတွက် ထိရောက်တဲ့ ဝိတ်ချနည်းတစ်ခုပဲ ဖြစ်ပါတယ်။


အဲဒီလို ငှက်ပျောသီးနဲ့ဝိတ်ချတဲ့နည်းဟာ တစ်နေ့မှာ အများဆုံးငှက်ပျောသီးနှစ်လုံး စားပေးရမှာဖြစ်ပြီး ညစာမစားခင် အနည်းဆုံးနာရီဝက်ကြိုပြီး စားပေးရမှာပါ။ ညဘက်မှာ ဗိုက်ဆာလွယ်တဲ့သူဆိုရင်တော့ အဲဒီထက် ပိုစားပေးနိုင်ပြီး သင့်အတွက်အကောင်းဆုံး ဝိတ်ချနည်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။


ငှက်ပျောသီး ၁၀၀ ဂရမ်မှာ ၈၆ ကယ်လိုရီလောက်ပဲ ပါဝင်တာကြောင့် ၂၅၂ ကယ်လိုရီလောက် ပါဝင်နိုင်တဲ့ ထမင်းဖြူတစ်ပန်းကန်အစား ငှက်ပျောသီးကို အစားထိုးစားသုံးပေးသင့်ပါတယ်။ လူတော်တော်များများရဲ့ ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ အကြီးမားဆုံးအနှောင့်အယှက်တစ်ခုကတော့ အစားလျှော့စားနေချိန်မှာ မခံနိုင်အောင် ဗိုက်ဆာတာပါပဲ။ အဲဒီကြောင့် အခုလိုငှက်ပျောသီးနဲ့ ဝိတ်ချမယ်ဆိုရင် သင့်အနေနဲ့ တစ်နပ်စာမှာ လျှော့စား ရတာမှန်ပေမဲ့ ငှက်ပျောသီးကြောင့် ဗိုက်ပြည့်နေသလို ခံစားရမှာ ဖြစ်ပါတယ်။ အဲဒါနဲ့တစ်ချိန်တည်းမှာပဲ သင့်ကို ကယ်လိုရီအများကြီးမတက်အောင်လည်း ထိန်းထားပေးမှာပါ။


ငှက်ပျောသီးနဲ့ ဘယ်လိုဝိတ်ချမှာလဲ


၁။ ညစာမစားခင် နာရီဝက်အလိုမှာ ငှက်ပျောသီးတစ်လုံး ဒါမှမဟုတ် နှစ်လုံး စားသုံးပေးပါ။ တစ်နေ့ကို နှစ်လုံးပဲ စားရမယ်ဆိုတာကိုတော့ သတိထားစေချင်ပါတယ်။ ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် ကောင်းတာ မှန်ပေမဲ့ သကြားဓာတ်နဲ့ ကာဗိုဟိုက်ဒြိတ်လည်း မြင့်မားစွာပါဝင်နေပါတယ်။


၂။ ငှက်ပျောသီးစားပြီးတဲ့အခါ လက်ဖက်စိမ်းရည် ဒါမှမဟုတ် ရေသန့် ၂၀၀ မီလီလီတာလောက် သောက်သုံးပါ။


၃။ ပြီးရင်တော့ သင့်ရဲ့ညစာကို သုံးဆောင်နိုင်ပါပြီ။


ငှက်ပျောသီးနဲ့ ဝိတ်ချရင် ဘာတွေသတိထားရမလဲ?


- သင့်ရဲ့ညစာ ဒါမှမဟုတ် မနက်စာမတိုင်မီ ငှက်ပျောသီးစားပေးပြီး ရေသောက်သုံးဖို့လည်း မမေ့ပါနဲ့။ သကြားမပါတဲ့ ရေနွေးနွေးလေးကို သောက်နိုင်ရင် ပိုကောင်းပါတယ်။


- ငှက်ပျောသီးစားပြီး ဗိုက်ပြည့်သွားရင် သင့်ကိုယ်သင် ညစာထပ်စားဖို့ ဖိအားမပေးပါနဲ့တော့။


- သင့်အနေနဲ့ ငှက်ပျောသီးကို သကြားလျှော့ထားတဲ့ ဒိန်ချဉ်နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်။


ဂျပန်နိုင်ငံက မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ “Yohobika” မှာလည်း အဲဒီငှက်ပျောသီးဝိတ်ချနည်းအတိုင်း လိုက်နာ ဆောင်ရွက်ကြတဲ့ လူ ၈၀ ရာခိုင်နှုန်းလောက်ဟာ ရလဒ်ကောင်းတွေရရှိပြီး ဝိတ်ကျသွားကြတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီထဲက ၅၀ ရာခိုင်နှုန်းဟာ ဝိတ်ကျတာနဲ့အတူ ခါးအဆီလည်း နည်းနည်းကျသွားတယ် လို့ ဆိုပါတယ်။ ဒါ့ပြင် အဲဒီလိုဝိတ်ချကြတဲ့ လူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ဟာ ဝိတ်ကျရုံမက အစာချေစနစ်လည်း ပိုမိုကောင်းမွန်လာကြပါတယ်။


အဲဒါကြောင့် သင့်အနေနဲ့ ဝိတ်ချဖို့စဉ်းစာနေပြီဆိုရင် အခုလိုငှက်ပျောသီးနဲ့ ဝိတ်ချနည်းလေးက သင့်အတွက် အကောင်းဆုံးဖြစ်မှာပါ။ သင့်အနေနဲ့ အစားကို ပုံမှန်အတိုင်းစားနိုင်ပြီး သင့်တစ်နပ်စာမှာ ငှက်ပျောသီးလေး ထပ်ပေါင်းစားပေးရုံပါပဲ။


by Cherry Mon


Ref; Good Times


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။