အသက် ၆၄ နှစ်မှာ ရည်မှန်းချက်အတိုင်း ဘွဲ့ရအောင်ယူနိုင်ခဲ့တဲ့ သုံးဘီးဆိုင်ကယ်မောင်းသမားကြီး

“ပညာလို အိုသည်မရှိ” ဆိုတဲ့ စကားပုံကို သက်သေပြသွားသူကတော့ ဖိလစ်ပိုင်နိုင်ငံက အသက် ၆၄ နှစ် အရွယ် သုံးဘီးဆိုင်ကယ်သမားကြီးပါပဲ။ တချို့လူငယ်လေးတွေက ပညာသင်ခွင့်ရှိရက်နဲ့ မသင်ယူဘဲ ရှောင်ရှား နေကြချိန်မှာ အဲဒီသုံးဘီးဆိုင်ကယ်ဆရာကြီးကတော့ အသက် ၆၀ ကျော်သွားပေမဲ့လည်း ဘွဲ့ရဖို့အခွင့်အရေးကို လက်မလျှော့ခဲ့ပါဘူး။ တကယ့်ကိုအတုယူစရာ စံပြပုဂ္ဂိုလ်ကြီးပါပဲ။


နှစ်ပေါင်းများစွာကြာအောင် နေ့ရောညပါ ကြိုးကြိုးစားစားအလုပ်လုပ်ရင်း ပညာသင်ယူခဲ့တဲ့ အသက် ၆၄ နှစ် အရွယ် ဂျန်နာရီတိုယိုဆိုရီးစ်ဆိုသူ သုံးဘီးဆိုင်ကယ်သမားကြီးဟာ နောက်ဆုံးမှာတော့ ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း Mindanao ပြည်နယ်တက္ကသိုလ်ရဲ့ ပြင်ပပညာသင်အတန်းကနေပြီး Bachelor ဘွဲ့ဒီဂရီကို ရရှိခဲ့ပါပြီ။ အသက်ကြီးပေမဲ့ ဘွဲ့တစ်ခုရရှိအောင် ယူချင်တဲ့ သူ့ရဲ့စိတ်ဆန္ဒကို ဘယ်အရာကမှ မတားဆီးနိုင်ခဲ့ပါဘူး။


ဂျန်နာရီတိုရဲ့အဆိုအရ သူဟာ သုံးဘီးဆိုက်ကားနင်းလို့ရတဲ့ ပိုက်ဆံကို ပညာသင်ကြားရေးအတွက် သုံးခဲ့ပြီး သူ့ရဲ့အသုံးစရိတ်ကိုတော့ လစဉ်သက်ကြီးခံစားခွင့်အတွက် ရရှိတဲ့ အမေရိကန်ဒေါ်လာ ၉ ဒသမ ၆၅ ဒေါ်လာ ဝန်းကျင်လောက်ကိုပဲ အသုံးပြုခဲ့ပါတယ်။ ဂျန်နာရီတိုဟာ နေ့ပိုင်းမှာ အလုပ်လုပ်ပြီး ညဘက်မှာ အတန်းတက်ခဲ့ ရတာကြောင့် အခုလို တက္ကသိုလ်ကနေ ဘွဲ့တစ်ခုရရှိလာဖို့ ကြိုးစားလာရတဲ့ သူ့ရဲ့ပညာရေးခရီးစဉ်ကတော့ မလွယ်ကူခဲ့ပါဘူး။


ဂျန်နာရီတိုဟာ သူ့ရဲ့အလုပ်ကြိုးစားမှုနဲ့ ဇွဲလုံ့လကြောင့်သာ အင်္ဂလိပ်စာမေဂျာနဲ့ ဒုတိယတန်းစားဘွဲ့ဒီဂရီတစ်ခု ရရှိလာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အခုလိုအောင်မြင်မှုဟာ သူ့ပတ်ဝန်းကျင်က လူတွေအတွက် အတုယူစရာ ဖြစ်ရုံတင်မကဘဲ တက္ကသိုလ်ကနေ ချီကျူးဂုဏ်ပြုမှုတွေကိုလည်း ရရှိခဲ့ပါတယ်။ သူ့ရဲ့ဘွ့ဲဓာတ်ပုံတွေကို လူတစ်ယောက်က ဆိုရှယ်မီဒီယာမှာ မျှဝေဖော်ပြခဲ့တာကစလို့ ဂျန်နာရီတို့ရဲ့ လေးစားဖွယ်ဇာတ်လမ်းဟာ ဆိုရှယ်မီဒီယာမှာ အတော်လေးပျံ့နှံ့သွားခဲ့ပါတယ်။


အင်တာနက်ကနေတဆင့် သူ့ဇာတ်ကြောင်းကိုသိရှိသွားကြတဲ့ ဆိုရှယ်မီဒီယာသုံးစွဲသူအတော်များများကလည်း အသက် ၆၄ နှစ်အရွယ်မှာ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တဲ့ ဂျန်နာရီတိုကို ချီးကျူးဂုဏ်ပြု ခဲ့ကြပါတယ်။ တချို့ကလည်း ဒီအသက်အရွယ်မှာ ဘွဲ့ဆိုတာ အသုံးမဝင်တော့တဲ့အကြောင်း ဝေဖန်ကြတာတွေ ရှိပါတယ်။


ဘယ်လိုပဲဖြစ်ဖြစ် ငယ်စဉ်က ဆင်းရဲတာကြောင့် တက္ကသိုလ်တက်ဖို့ အခွင့်အရေးမရခဲ့တာကြောင့် ပညာရေး ဆုံးခန်းတိုင်ချင်တဲ့ သူ့ရဲ့ဘဝအိပ်မက်ကို အရယူဖို့ကြိုစားခဲ့တဲ့ ဂျန်နာရီတိုရဲ့ ဇွဲလုံ့လနဲ့ စိတ်ဓာတ်ကတော့ အတုယူစရာပါပဲ။


by Cherry Mon


Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။