လက်ထပ်ပွဲမတိုင်ခင်အကြိုအဖြစ် စေ့စပ်ကြောင်းလမ်းပါတီကျင်းပလိုက်တဲ့ ဂျနီဖာလောရင့်စ်

“အမေရိကရဲ့ အသည်းနှလုံး” (America’s Sweetheart) အဖြစ် တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ဟောလိဝုဒ်မင်းသမီး ချောလေး ဂျနီဖာလောရင့်စ် (Jennifer Lawrence) ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလတုန်းက အမျိုးသားထုကြီးကို အသည်းခွဲမယ့်သတင်း ထွက်ရှိလာခဲ့ပါတယ်။ အဲဒါကတော့ သူ့ရဲ့ချစ်သူ၊ အနုပညာပြခန်း ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ ကွက်ခ်မာရွန်နေးနဲ့ စေ့စပ်ကြောင်းလမ်းလိုက်တဲ့ သတင်းပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း လောရင့်စ်တို့စုံတွဲဟာ လက်ထပ်ပွဲမတိုင်ခင်မှာ ရှေ့ကို ခြေတစ်လှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။


အဲဒါကတော့ လက်ထပ်ပွဲအကြိုအဖြစ် စေ့စပ်ကြောင်းလမ်းတဲ့ပါတီပွဲ တစ်ခုကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် အော်စကာဆုရမင်းသမီးချော လောရင့်စ်နဲ့ အသက် ၃၄ နှစ်အရွယ် မာရွန်နေးတို့ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းပါတီပွဲကို ကျင်းပခဲ့ပြီး နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ ခင်မင် ရင်းနှီးတဲ့ သူငယ်ချင်းတွေ တက်ရောက်ခဲ့ကြပါတယ်။


Private ဆန်ဆန် ကျင်းပခဲ့ကြတာကြောင့် တက်ရောက်လာသူတချို့နဲ့ လောရင့်စ်ရဲ့ မိတ်ကပ်ပညာရှင်ဖြစ်တဲ့ Fulvia Farolfi က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွေထက်မှာ ဓာတ်ပုံတွေတင်တဲ့အခါကျမှ မီဒီယာအများစု သိရှိခဲ့ကြတာပါ။ အခုလိုအကြိုပါတီပွဲ ကျင်းပခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ လက်ထပ်မင်္ဂလာပွဲမှာ မကြာခင်မှာ ကျင်းပတော့မယ်လို့ ခန့်မှန်းရပါတယ်။


အဲဒီစေ့စပ်ပွဲလေးမှာ လောရင့်စ်ဟာ နယူးယော့ခ်မြို့တော်အခြေစိုက် ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ L.WELLS က ဂျူလီယာနာမင်္ဂလာဝတ်စုံ (Juliana wedding dress) ပန်းရောင်နုနုလေးကို ဝတ်ဆင်ခဲ့ပြီး ခပ်ပြေပြေဆံထုံးလေးကို လိုက်ဖက်ညီစွာ ထုံးဖွဲ့ထားပါတယ်။ အဲဒီဝတ်စုံဟာ ဖြူလွှလွှအရောင်နဲ့ ပန်းရောင်ကိုပဲ ရရှိနိုင်ပြီး ဈေးနှုန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၂,၃၀၀ ရှိပါတယ်။


လောရင့်စ်နဲ့ မာရွှန်နေးတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ နွေဦးကတည်းက စတင်တွဲခဲ့ကြတာဖြစ်ပြီး အခုနှစ် ဖေဖေါ်ဝါရီလမှာ စေ့စပ်တဲ့သတင်းထွက်လာကာ အခုလမှာတော့ တရားဝင်စေ့စပ်ပွဲ ကျင်းပလိုက်တာ ဖြစ်ပါတယ်။ လောရင့်စ်ဟာ ၂၀၁၀ ပြည့်နှစ်တုန်းက X-Men ဇာတ်လမ်းတွေထဲက သရုပ်ဆောင်ဖက်မင်းသား နီကိုလပ်စ်ဟော့ထ်နဲ့ လေးနှစ်လောက်ကြာအောင် တွဲခုတ်ခဲ့ဖူးပါတယ်။ ၂၀၁၆ ခုနှစ်မှာလည်း ဒါရိုက်တာ ဒါရန် အာရွန်နော့ဖ်စကီနဲ့ တွဲခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ လမ်းခွဲခဲ့ပါတယ်။


Hunger Game ဇာတ်လမ်းတွေနဲ့ နာမည်ကျော်ကြားခဲ့တဲ့ လော့ရင့်စ်ဟာ X-Men ဇာတ်လမ်းတွေနဲ့ Passengers လို နာမည်ကျော်ဟောလိဝုဒ်ရုပ်ရှင်ဇာတ်လမ်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ ရုံတင်ပြသမယ့် X-Men: Dark Phoenix မှာလည်း လောရင့်စ်ကို ရေဗန် (Mystique) ဇာတ်ကောင် နေရာကနေ ဆက်လက်တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အမေရိကရဲ့ အရည်အချင်းအရှိဆုံး မင်းသမီးငယ်အဖြစ် သတ်မှတ်ခံရဖူးပြီး အကောင်းဆုံးမင်းသမီးအဖြစ် အကယ်ဒမီဆုကိုလည်း ရရှိထားတဲ့ လောရင့်စ်ဟာ ကမ္ဘာမှာ ဆွဲအားအကောင်းဆုံးနဲ့ အလှဆုံးမင်းသမီးများစာရင်းမှာလည်း အမြဲလိုလိုပါဝင်နေသူ ဖြစ်ပါတယ်။

by Cherry Mon


Ref; Harpers Bazaar, US Magazinag, People

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။