စိတ်ထားမပြည့်ဝတဲ့သူ (EQ နိမ့်တဲ့သူ) တွေရဲ့လက္ခဏာရပ်များ

လူမှုဆက်ဆံရေးတစ်ခုမှာ EQ ကောင်းဖို့လိုအပ်ပါတယ်။ အချို့ပညာရှင်တွေဆိုရင် IQ ထက် EQ ပိုကောင်းမှ ဘဝမှာ အပြည့်အဝအောင်မြင်မယ်လို့သတ်မှတ်ထားကြပါတယ်။ အလုပ်ရှင်နဲ့အလုပ်သမား၊ မိဘနဲ့သားသမီး၊ ချစ်သူ၊ သူငယ်ချင်း တွေကြားမှာ EQ ကောင်းခြင်းဟာ အဓိကနေရာမှာ ပါဝင်ပါတယ်။ လုပ်ငန်းခွင်မှာ၊ မိသားစုမှာ EQ မကောင်းတဲ့သူတွေကြောင့် မလိုအပ်ဘဲ ဆက်ဆံရေးတင်းမာမှုတွေ၊ အငြင်းပွားမှုတွေ ကြုံဖူးကြမှာပါ။ ဒါမှမဟုတ် ကိုယ်ကိုယ်တိုင်ပဲ EQ မကောင်းခဲ့တဲ့ အချိန်တွေလည်း ရှိကောင်းရှိနိုင်တာပဲ။ မသိလို့လုပ်မိတာက ပြင်လို့ရပါတယ်။ ဒါကြောင့် ဘယ်လိုအပြုအမူတွေက EQ နိမ့်တဲ့အပြုအမူ၊ စိတ်ထားမပြည့်ဝတဲ့ အပြုအမူလဲဆိုတာ လေ့လာကြည့်ကြရအောင်။

signs of low emotional intelligence 

အငြင်းပွားမှုတွေကို အများကြီးလုပ်တတ်သူ

တခြားသူတွေနဲ့မကြာခဏ အငြင်းပွားနေတတ်သူကို တွေ့ဖူးပါသလား။ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်နဲ့သာမက သူစိမ်းနဲ့ပါမကျန် အငြင်းပွားချင်နေတဲ့သူမျိုးပေါ့။ ဘာလို့အငြင်းပွားလဲဆိုတော့ EQ နိမ့်တဲ့သူတွေဟာ တခြားသူရဲ့စိတ်ခံစားချက်ကို နားမလည်နိုင်ကြလို့ပါ။ အခြားသူတွေ ဘယ်လိုခံစားရမလဲ မစဉ်းစားဘဲ ကိုယ်ထင်ရာပြောပြီး အငြင်းပွားဖို့လောက်ပဲ သိသူတွေမို့လို့ပါ။ သူတို့ရဲ့စကားကြောင့် တစ်ဖက်လူ ဘယ်လောက် စိတ်ထိခိုက်သွားမလဲဆိုတာ ဘယ်တော့မှ ထည့်မတွက်တဲ့သူတွေပါ။

Image result for laughing at a funeral 

တခြားသူတွေကို စိတ်ထိခိုက်လွယ်လွန်းတယ်လို့ထင်နေသူ

EQ နိမ့်တဲ့သူတွေဟာ တစ်ပါးသူရဲ့ ခံစားချက်ကို ပြက်ရယ်ပြုတတ်ကြတယ်။ ဥပမာ-နာရေးမှာပဲဖြစ်ဖြစ်၊ ဆိုးရွားတဲ့အဖြစ်အပျက်တစ်ခုအပြီးမှာပဲဖြစ်ဖြစ် သူများတွေဝမ်းနည်းနေတာကို အပိုတွေပါလို့ထင်တတ်ကြတယ်။ ဟာသတွေကြည့်ပြီး သူများတွေရယ်မောနေရင်လည်း Over တွေလုပ်နေတယ်လို့ ပြောတတ်ကြတယ်။ ကိုယ်မခံစားရတာနဲ့ သူများရဲ့ခံစားချက်တွေကို အပိုအလုပ်တွေလို့ ထင်နေတယ်ဆိုတာ အဲဒီလူက EQ နိမ့်လို့ပါ။

Image result for reject 

တခြားသူတွေရဲ့အမြင်ကို ငြင်းပယ်တတ်သူ

EQ နိမ့်တဲ့သူတွေဟာ သူတို့ကိုယ်သူတို့အမြဲမှန်နေတယ်လို့ထင်ကြတယ်။ ဉာဏ်ရည်မြင့်တယ်ဆိုပြီး တခြားသူရဲ့ အကြံပြုချက်တွေကို နားမထောင်ဘူး။ သူတို့ဟာ များသောအားဖြင့် အဆိုးမြင်တတ်သူတွေဖြစ်ပြီး တစ်ပါးသူရဲ့ခံစားချက်ကို ဝေဖန်ချင်တဲ့သူတွေဖြစ်ကြတယ်။ ဘယ်လောက်ပဲ IQ မြင့်နေပါစေ EQ မကောင်းရင် အဲဒီလူကအလကားပါပဲ။ သူ့ရဲ့အောင်မြင်မှုကလည်း ကြာရှည်ခံမှာမဟုတ်ပါဘူး။

Image result for blaming 

အမှားတွေအတွက် တခြားသူကို အပြစ်တင်သူ

EQ နိမ့်တဲ့သူတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တစ်ခုတည်းကြောင့် ဘယ်လိုပြဿနာတွေ ဖြစ်လာနိုင်လဲဆိုတာ မသိကြပါဘူး။ ပြဿနာတစ်ခုခု ဖြစ်လာရင်လည်း အပြစ်တင်ဖို့လောက်ပဲ သိကြပါတယ်။ အခြားသူတွေရဲ့ အပြုအမူတွေနဲ့ ပြဿနာရဲ့အခြေအနေကိုသာ အပြစ်တင်တတ်ကြတယ်။ သူတို့ရဲ့အမှားကတော့ မတတ်သာလို့မှားရတာဖြစ်ပြီး တခြားသူတွေကတော့ အသုံးမကျလို့ဆိုတဲ့ပုံစံမျိုး ပြောတတ်တဲ့ တာဝန်ယူစိတ်မရှိသူတွေပေါ့။

Image result for angry 

ရုတ်တရက် ထပေါက်ကွဲတတ်သူ

စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဆိုတာ EQ မြင့်ခြင်းထဲမှာပါတဲ့ အဓိကအချက်တွေထဲက တစ်ချက်ပါ။ EQ နိမ့်တဲ့သူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်စိတ်ခံစားချက်တွေကိုတောင် နားလည်နိုင်ဖို့ခက်ခဲနေပြီး မထိန်းချုပ်နိုင်ကြပါဘူး။ သူတို့ဟာ မထင်ရင်မထင်သလို ဒေါသတွေ ထပေါက်ကွဲတတ်ကြပါတယ်။

Image result for bad friendship 

ဆက်ဆံရေးတစ်ခုကို ကောင်းကောင်း မထိန်းသိမ်းနိုင်သူ

EQ နိမ့်တဲ့သူတွေဟာ ခက်ထန်ကြမ်းတမ်းပြီး ခံစားချက်မဲ့သူတွေ ဖြစ်တာကြောင့် ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းတဲ့နေရာမှာ အခက်တွေ့ကြပါတယ်။ အရမ်းရင်းနှီးတဲ့ မိတ်ဆွေအပေါင်းအသင်းဆိုတာမှာ အပေးအယူတွေရှိမယ်၊ ခံစားချက်တွေဝေမျှတာရှိမယ်၊ စာနာနားလည်ပေးရတာတွေရှိမယ်၊ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်အားပေးမှုတွေရှိမယ်။ EQ နိမ့်တဲ့သူတွေဟာ အဲလို ဆက်ဆံရေးတွေနဲ့ပတ်သက်လာရင် အခက်တွေ့ပြီး မကိုင်တွယ်နိုင်ကြပါဘူး။

Image result for i hate u gif 

ပုဂ္ဂိုလ်စွဲရှိသူ

EQ နိမ့်တဲ့သူတွေဟာ ဆက်ဆံရေးတွေကို ပုဂ္ဂိုလ်စွဲနဲ့ပေါင်းသင်းပါတယ်။ လူတစ်ယောက်နဲ့ ပတ်သက်လို့ တစ်ခုလောက်အမြင်မကြည်ရင် အဲဒီလူကို တစ်သက်လုံးအမြင်မကြည်တော့ပါဘူး။ တစ်ခါလောက်ပဲ အမှားလုပ်ဖူးတာနဲ့ အဲဒီလူဘာလုပ်လုပ် အမှန်မမြင်တော့ဘူး။ သူတို့အမြင်ကြည်တဲ့သူဆိုရင်တော့ ဘာလုပ်လုပ်ကို အမြင်ကြည်နေပြန်ရော။ အဲလို တစ်ဖက်စွန်းရောက်သူတွေပေါ့။ လူတိုင်းမှာ ကောင်းကွက် ဆိုးကွက်တွေ ရောနှောနေတယ်၊ လူတိုင်းဟာ တစ်ခါတစ်ရံ မှားတတ်တယ်ဆိုတာကို EQ နိမ့်တဲ့သူတွေက နားမလည်ပါဘူး။

စိတ်ထားမပြည့်ဝဘူးဆိုတာ ဘယ်ရှုထောင့်ကကြည့်ကြည့် မကောင်းပါဘူး။ ဉာဏ်ရည်ဘယ်လောက် မြင့်နေပါစေ စိတ်မထားတတ်သ၍ အောင်မြင်မှုဆီ ရောက်ဖို့ခက်ခဲနေအုံးမှာပါ။ စိတ်ရဲ့အဆင့်အတန်းဟာ လူတစ်ယောက်ရဲ့အဆင့်အတန်းကို ဖော်ပြနေတာပါ။ EQ ရော IQ ပါကောင်းတဲ့ သူများ ဖြစ်ကြပါစေ။

Ref; verywellmind.com

By Paulina

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။