“လိုကီ” ဇာတ်လမ်းတွဲမှာ ကပ္ပတိန်အမေရိကပါဝင်နိုင်ကြောင်း သဲလွန်စပေးလိုက်တဲ့ ဒါရိုက်တာနှစ်ယောက်

မာဗယ်ရဲ့ လူကြိုက်များလှတဲ့ စူပါဟီးရိုးဇာတ်ကောင်တွေထဲမှာ Thor ရဲ့ မွေးစားညီ၊ လှည့်စားမှုနတ်ဘုရား လိုကီ (Loki) လည်း ပါဝင်ပါတယ်။ လိုကီဟာ သောရ်ဇာတ်လမ်းတွေမှာ အဓိကဗီလိန်ဇာတ်ကောင်ဖြစ်ပေမဲ့ Thanos ကြီးလိုပဲ လူကြိုက် များတဲ့ ဗီလိန်ကာရိုက်တာတစ်ခု ဖြစ်ပါတယ်။ Avengers: Endgame ပြီးတဲ့နောက် ထပ်ထွက်လာဖို့ သတင်းပြေးနေတဲ့ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲတွေထဲမှာ Loki series ကလည်း တစ်ခုအပါအဝင်ပါပဲ။


Endgame ဒါရိုက်တာနှစ်ယောက်ဖြစ်တဲ့ Russo ညီနောင်ကတော့ Loki ဇာတ်လမ်းစီးရီးဟာ ခေတ်ကာလ (Timeline) သစ်တစ်ခုကို ဖန်တီးသွားမှာဖြစ်တဲ့အကြောင်း အတည်ပြုလိုက်ပါပြီ။ Endgame တုန်းက ကပ္ပတိန် အမေရိကနဲ့ Iron Man တို့ အတိတ်ကိုပြန်သွားပြီး အာကာသကျောက်တုံး (Space Stone) ကို ယူချိန်က လိုကီ ဟာ တက်ဆာရက်ကြီး (Tesseract) ကို ကောက်ယူထွက်ပြေးသွားတဲ့ ဇာတ်ဝင်ခန်းပါဝင်ခဲ့ပါတယ်။ Loki ဇာတ်လမ်းတွဲဟာ အဲဒီဇာတ်ဝင်ခန်းနဲ့ စပ်ဆက်နေမယ်လို့လည်း မျှော်လင့်ရပါတယ်။


Loki ဇာတ်လမ်းတွဲနဲ့ ပတ်သက်လို့ ဒါရိုက်တာတွေထပ်ပြီး သဲလွန်စပေးထားတာတစ်ခုကတော့ ကပ္ပတိန်အမေရိကဇာတ်ကောင် ပါဝင်လာနိုင်တယ်ဆိုတာပါပဲ။ ဒါပေမဲ့ အဲဒီဇာတ်လမ်းတွဲမှာပါဝင်မယ့် ကပ္ပတိန် အမေရိကဇာတ်ကောင်နေရာမှာတော့ အရင်ကသရုပ်ဆောင်မင်းသား ခရစ္စအီဗန်ကို မြင်တွေ့ရမယ့် အခွင့်အလမ်းကတော့ အတော်လေးနည်းပါးပါတယ်။ အကြောင်းကတော့ ခရစ္စအီဗန်ကိုယ်တိုင်ကရော Endgame ဒါရိုက်တာတွေကပါ ခရစ္စအီဗန်တစ်ယောက် ကပ္ပတိန်အမေရိကအဖြစ် အနားယူမယ့်အကြောင်း အရိပ်အမြွက်ပြောထားပြီး ဖြစ်လို့ပါပဲ။


သေချာတာကတော့ လိုကီဇာတ်ကောင်နေရာမှာ ပရိသတ်အချစ်တော် မင်းသားချော တွမ်ဟစ်ဒယ်လ်စတန် (Tom Hiddleston) ကပဲ ဆက်လက်သရုပ်ဆောင်မယ့်အကြောင်း အတည်ပြုထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကပ္ပတိန်အမေရိကနေရာမှာတော့ ခရစ္စအီဗန်အစား ဘယ်သူ့ကိုတွေ့မြင်ရမလဲဆိုတာကတော့ ပဟေဋ္ဌိဖြစ်နေဆဲ ပါပဲ။


Avengers: Infinity War ပြီးကတည်းက ဇာတ်လမ်းထဲမှာ သေဆုံးသွားတဲ့ လိုကီကို အသည်းအသန် မျှော်နေကြတဲ့ လိုကီပရိသတ်တွေနဲ့ မင်းသား တွမ်ဟစ်ဒယ်လ်စတန်ရဲ့ ပရိသတ်တွေအတွက်ကတော့ Loki ဇာတ်လမ်းစီးရီး အတည်ပြုမှုအတွက် အတော်လေးကျေနပ်အားရနေကြမယ်ဆိုတာ သေချာပါတယ်။ Loki စီးရီး ကို Disney ကနေ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပေမဲ့ ရိုက်ကူးပြသမယ့်ရက်ကိုတော့ မသိရသေးပါဘူး။


by Cherry Mon


Ref; IGN, Digital Spy

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။