ညအိပ်ရာကနေ အစားထစားပြီး မနက်ကျရင် မမှတ်မိတတ်ကြောင်း ထုတ်ပြောခဲ့တဲ့ တေလာဆွစ်ဖ်

အမေရိကန်အဆိုတော်မလေး တေလာဆွစ်ဖ် (Taylor Swift) ဟာ အရည်အချင်းပြည့်ဝပြီး နာမည်ကျော်ကြားသလို လူချစ်လူခင်များတဲ့ နိုင်ငံတကာအနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး ပွင့်ပွင့် လင်းလင်း နေထိုင်တတ်တဲ့ တေလာဟာ အခုလည်း သူ့ရဲ့လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ပြောလိုက်ပါတယ်။ အဲဒါ ကတော့ သူဟာ ညအိပ်ရင်းယောင်ပြီး အစားထစားတတ်တဲ့ အကျင့်ရှိကြောင်း ထုတ်ပြောလိုက်တာပါပဲ။


တေလာဟာ အဲဒီအကြောင်းကို Ellen DeGeneres ရဲ့ နာမည်ကျော်ရုပ်သံအစီစဉ်မှာ အဲဒီအကြောင်းကို ဖွင့်ပြောခဲ့တာ ဖြစ်ပါတယ်။ တေလာဟာ အဲဒီအစီအစဉ်မှာ ပါဝင်တာ လေးနှစ်ကြာခဲ့ပြီးနောက်မှာ အခုတဖန် ပြန်လည်ပါဝင်တင်ဆက်ခဲ့တာပါ။ အဲဒီအစီအစဉ်မှာ တင်ဆက်သူ အယ်လန်က ညဘက်အိပ်မပျော်ရင် ဘာလုပ်လေ့ရှိသလဲလို့ မေးမြန်းခဲ့ရာမှာ တေလာက အဲဒီအကြောင်းကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။


တေလာဟာ ညသန်းခေါင်မှာ အိပ်ရာထဲကနေ အောက်ထပ်က မီးဖိုချောင်ဆီ ယောင်ယမ်းရောက်ရှိသွား တတ်ပြီး တွေ့သမျှစားစရာကို စားလေ့ရှိပါသတဲ့။ ဒါပေမဲ့ နောက်တစ်ရက်ကျရင်တော့ သူညက အဲဒီလို စားသောက်ခဲ့တာတွေကို လုံးဝသတိမရတော့ဘူးလို့ ဆိုပါတယ်။ “စားလို့ရတာမှန်သမျှ စားလိုက်တာပဲ၊ လူနဲ့တောင် မတူဘူး၊ ရက်ကွန်း ကောင်လေးလိုပါပဲ” လို့လည်း တေလာဆွစ်ဖ်က ဆိုပါတယ်။


အသက် ၂၉ နှစ်အရွယ် အဆိုတော်မလေး တေလာဟာ ညတုန်းက အဲဒီလိုအစားသောင်းကျန်းခဲ့ပေမဲ့ နောက်တစ်နေ့မနက်မှာ မီးဖိုချောင်ထဲရောက်တဲ့ အခါ “ဒီမှာဘာဖြစ်ခဲ့ပါလိမ့်” လို့ စဉ်းစားမရ ဖြစ်လေ့ရှိပါတယ်။ မီးဖိုခန်းထဲမှာ လက်ရာပျက်နေတာတော့ သိပေမဲ့ အဖြေကတော့ ကြောင်တွေလုပ်ထားတာမဟုတ်ရင် သူညက ထစားထားတာပါပဲတဲ့။


ညဘက်အိပ်ရင်းနဲ့ ယောင်တတ်တာတို့၊ လမ်းထလျှောက်တာတို့ ကြားဖူးပေမဲ့ တေလာဆွစ်ဖ်လို ယောင်ပြီး အစားထစားတာကတော့ ခပ်ရှားရှားပါပဲ။ ဒါပေမဲ့ တေလာရဲ့ ပွင့်ပွင့်လင်းလင်းနဲ့ ဝန်ခံတတ်မှုဟာ ပရိသတ်တွေ အတွက် ပိုချစ်စရာကောင်းသွားစေခဲ့ပြီး အဲဒီအစီစဉ်ကိုလည်း မြိုင်ဆိုင်သွားစေခဲ့ပါတယ်။


by Cherry Mon


Ref; Daily Mail





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။