
လာမယ့် အောက်တိုတာမှာ ရုံတင်ပြသမယ့် Malefient 2 ရဲ့ ဇာတ်လမ်းနမူနာထွက်ရှိ
စိတ်ကူးယဉ်စွန့်စားခန်းရုပ်ရှင် ကြိုက်သူတွေအတွက် Maleficient ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းသစ် Maleficient 2 ရဲ့ နာမည်နဲ့ ပြသမယ့်ရက်ကို တရားဝင်ကြေညာခဲ့ပြီးနောက် ပထမဆုံးဇာတ်လမ်းနမူနာလည်း ထွက်ရှိလာခဲ့ပါပြီ။ ဇာတ်လမ်းရဲ့ တရားဝင်နာမည်က Maleficient: Mistress of Evil ဖြစ်ပြီး လာမယ့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၈ မှာ ရုံတင်ပြသသွားမှာပါ။
၂၀၁၄ ခုနှစ်က ရုံတင်ပြသခဲ့တဲ့ Maleficient ဇာတ်လမ်းကို ဒါရိုက်တာ ရောဘတ်စတောင်းမ်ဘတ်ဂ်က ရိုက်ကူး ခဲ့ပြီး ဒစ်စနေးရဲ့ animated ရုပ်ရှင်တစ်ခုဖြစ်တဲ့ “Sleeping Beauty” ကို ခပ်ပါးပါးမှီငြမ်းထားတာ ဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသမယ့် Maleficient: Mistress of Evil ဇာတ်လမ်းသစ်ကိုတော့ ၂၀၁၇ ခုနှစ်ရဲ့ Pirates of the Caribbean: Dead Men Tell No Tales ကို တွဲဖက်ရိုက်ကူးခဲ့တဲ့ နော်ဝေလူမျိုး ဒါရိုက်တာ Joachim Ronning က စီစဉ်ရိုက်ကူးနေတာ ဖြစ်ပါတယ်။
Maleficient မှာ နတ်ဆိုးမ Maleficient အဖြစ် နာမည်ကျော်ဟောလိဝုဒ်မင်းသမီး အင်ဂျလီနာဂျိုလီက ပါဝင် သရုပ်ဆောင်ထားပြီး ဘုရင့်သမီးတော်လေး အော်ရိုရာအဖြစ် မင်းသမီးချောလေး အယ်လီဖန်းနီင်းက သရုပ်ဆောင်ခဲ့ပါတယ်။ အခုလာမယ့် Maleficient 2 မှာလည်း သူတို့နှစ်ယောက်ကပဲ အရင်ဇာတ်ကောင်တွေ နေရာကနေ ဆက်လက်ပါဝင်သွားမှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်အပြင် ဆမ်ရိုင်လေ၊ အက်ဆက်ကရိန်၊ ဟားရစ်ဒစ်ကင်ဆန်နဲ့ တခြားသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ထားပါတယ်။
မင်းသမီးလေးအော်ရိုရာရဲ့ချစ်သူ မင်းသားလေးဖိလစ်နေရာမှာတော့ အရင်ဇာတ်လမ်းတုန်းက မင်းသားဘရန်တန်အစား မင်းသားချောဟားရစ်ဒစ်ကင်ဆန်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ အခုဇာတ်လမ်းမှာမှ အသစ်ပါဝင်လာတဲ့ ဆမ်ရိုင်လေကတော့ ဇာတ်လမ်းရဲ့ အဓိကဗီလိန်နေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ Maleficient: Mistress of Evil ရဲ့ ပထမဆုံး Trailer ကတော့ ပြီးခဲ့တဲ့ မေ ၁၃ ရက်က ထွက်ရှိခဲ့ ပါတယ်။
ပရဟိတမင်းသမီးကြီး ဂျိုလီက Maleficient ဇာတ်လမ်းသစ်မှာ သရုပ်ဆောင်အဖြစ် ပါဝင်ရုံတင်မက ဇာတ်လမ်း ရဲ့ တွဲဖက်ထုတ်လုပ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရုပ်ရှင်လောကနဲ့ အတော်လေး အဆက်ပြတ်သွားခဲ့တဲ့ ဂျိုလီဟာ ပြီးခဲ့တဲ့နှစ်က ငါးနှစ်လောက်လက်တွဲခဲ့တဲ့ ခင်ပွန်းဟောင်း ဘရက်ပစ်နဲ့ ကွာရှင်းပြီးနောက်မှာတော့ အခုလိုဇာတ်လမ်းတွေ ပြန်ရိုက်လာတယ်လို့ ဆိုနိုင်ပါတယ်။
by Cherry Mon
Ref; Talking Movies, Wikipedia
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။