လမ်းဘေးခွေးတွေကို ခွေးဂေဟာပို့ရန် ဖမ်းနေစဉ် တိချစ်သူတွေ လုယူခဲ့လို့ လုပ်ငန်းရပ်ဆိုင်းလိုက်ရ

မြို့နယ်အတော်များများမှာ လမ်းဘေးခွေးတွေရှိနေတတ်ပြီး အဆိုပါ ခွေးတွေကြောင့်ပဲ ဖြစ်ရတဲ့ ပြဿနာတွေလည်း များစွာရှိတတ်ပါတယ်။ အခုလည်း ယမန်နေ့ မေလ (၂၀)ရက်နေ့က ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်အတွင်းမှာရှိတဲ့ လမ်းဘေးခွေးများကို ဖမ်းဆီးပြီး ခွေးဂေဟာပို့တဲ့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေစဉ် တိရစ္ဆာန်ချစ်သူများဆိုတဲ့ လူတစ်စုမှ လုယူခဲ့တာကြောင့် လုပ်ဆောင်ချက်များကို ရပ်နားလိုက်ရကြောင်း ကျောက်တံတားစည်ပင်ဥက္ကဌက ပြောပါတယ်။

ဒုတိယမြို့တော်ဝန် စီမံမှုဖြင့် ကျောက်တံတားမြို့နယ်ထဲက လမ်းဘေးခွေးများကို လှိုင်မြို့နယ်မှ ခွေးဂေဟာကို ပို့ဆောင်ဖို့ လုပ်ဆောင်နေစဉ်မှာဘဲ တိရစ္ဆာန်ကာကွယ်ရေးမှဟုဆိုကာ လူတစ်စုက ဖမ်းဆီးသူများကို ပြဿနာရှာပြီး ခွေးများကို လုယူခဲ့တာလို့ ပြောပြပါတယ်။ အခုလို လုပ်ရပ်အတွက်လည်း ဒုတိယမြို့တော်ဝန်ထံ တင်ပြထားသည်ဟု ကျောက်တံတားစည်ပင်ဥက္ကဌက ဆက်လက်ပြောဆိုသည်။

အခုလို ဖြစ်စဉ်ဖြစ်ခဲ့တာကြောင့် စည်ပင်သာယာရေးကော်မတီအနေနဲ့ လမ်းဘေးခွေးတွေ ဖမ်းဆီးပြီး ခွေးဂေဟာကို ပို့ဆောင်ကာ မျိုးဆက်ခြားပေးတဲ့ အစီအစဉ်အား ယာယီရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရပ်ကွက်နေ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ “ တကယ်တော့ အခုပြောတဲ့ လမ်းဘေးခွေးတွေကို အိမ်တွေက ထမင်းပို ဟင်းပိုတွေ ကျွေးကြတယ်။ မွေးထားတာလားဆိုတော့လည်း မဟုတ်ပြန်ဘူး။ တကယ်လို့ အဲ့ဒီ ခွေးက လမ်းသွားလမ်းလာတစ်ဦးကို ကိုက်ကြည့်ပါလား။ ပိုင်ရှင်ဆိုတာ ပေါ်မလာသလို ဘယ်သူ့ခွေးမှန်းကို မသိရဘူး။ အဲ့လိုမှမဟုတ်ဘဲ အဲ့ဒီခွေးတွေကို တုတ်နဲ့ ရိုက်လိုက်ရင်တော့ ပိုင်ရှင်ဆိုတာ အလိုလိုပေါ်လာတယ် ” လို့ ပြောပြခဲ့ပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြန်မာနိုင်ငံမှာ လမ်းဘေးခွေးများ (၄)သန်းနီးပါးရှိပြီး ရန်ကုန်မြို့မှာတော့ (၁)သိန်းခွဲခန့် ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း မြန်မာတစ်နိုင်ငံလုံးမှာ ခွေးကိုက်ခံရမှုပေါင်း (၁)သိန်း (၉)သောင်းကျော်ရှိခဲ့ပြီး မြန်မာနိုင်ငံဟာ ခွေးကိုက်ခံရမှုအများဆုံးနဲ့ ခွေးရူးရောဂါ ဖြစ်ပွားမှု အများဆုံးနိုင်ငံတွေထဲမှာ အပါအဝင်ဖြစ်နေခဲ့ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။