
လီမင်ဟိုနဲ့ ကင်မ်ဂိုအွန်းကို အတူတွေ့မြင်ရမယ့် ဇာတ်လမ်းသစ် “The King: The Eternal Monarch”
နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲ တောင်ကိုရီးယားမင်းသားချော လီမင်ဟိုဟာ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါကြောင့် ခုနောက်ပိုင်းမှာ လီမင်ဟိုရဲ့အနုပညာလှုပ်ရှားမှုတွေကို တဝကြီး ကြည့်ကြရတော့မှာပါ။ လီမင်ဟိုရဲ့ ဇာတ်လမ်းသစ်တွေကို မျှော်နေတဲ့ ပရိသတ်တွေအတွက် သူ့ရဲ့ ဇာတ်လမ်းတွဲသစ်ကို အတည်ပြုကြေညာပေးလိုက်ပါပြီ။
လီမင်ဟို နောက်ထပ်ပါဝင်မယ့် ဇာတ်လမ်းတွဲသစ်ရဲ့ နာမည်လေးကတော့ “The King: The Eternal Monarch” ဖြစ်ပါတယ်။ အဲဒီဇာတ်လမ်းမှာ လီမင်ဟိုနဲ့အတူ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်မယ့်သူကတော့ Goblin ဇာတ်လမ်းထဲမှာ မှင်စာသတို့သမီးလေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး ကင်မ်ဂိုအွန်းပါပဲ။ အဲဒီ အကြောင်းကို မေ ၂၀ ရက်နေ့တုန်းက Hwa&Dam Pictures ထုတ်လုပ်ရေးကနေ အတည်ပြုကြေညာခဲ့တာပါ။
အဲဒီဇာတ်လမ်းအတွက် စာရေးဆရာမ ကင်မ်အွန်ဆုက ဇာတ်ညွှန်းရေးသားပေးသွားမှာ ဖြစ်ပါတယ်။ Hwa&Dam Pictures ရဲ့ အဆိုအရ “The King: The Eternal Monarch” ဟာ စိတ်ကူးယဉ် အချစ်ဒရမ်မာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ time travel ဇာတ်လမ်းတွေလို ခေတ်သစ် ကိုရီးယားနဲ့ ကိုရီးယားရဲ့ရှေးဘုရင်ခေတ်ကြားမှာ ဇာတ်လမ်းဆင်ပြီး အပြိုင်ယူနီဘတ်စ်အဖြစ် ခပ်ဆန်းဆန်း ပုံဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
မင်းသမီးချောလေး ကင်မ်ဂိုအွန်းက ခေတ်သစ် တောင်ကိုရီးယားနိုင်ငံမှာ စုံထောက် ဂျန်တေးအူအဖြစ် တစ်မျိုး၊ ကိုရီးယားဘုရင်ခေတ်မှာ ရာဇဝတ်သား လွန်နာအဖြစ် တစ်ဖုံ၊ စရိုက်နှစ်မျိုနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ထုတ်လုပ်ရေးက တာဝန်ရှိသူတွေက “စုံထောက်နဲ့ ရာဇဝတ်သားလို လုံးဝကွဲပြားတဲ့ စရိုက် နှစ်မျိုးနဲ့ သရုပ်ဆောင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဇာတ်လမ်းများစွာမှာ သရုပ်ဆောင်ဖူးပြီး Goblin ဇာတ်လမ်းမှာ လည်း သရုပ်ဆောင်အရည်အသွေးပြသခဲ့တဲ့၊ ပရိတ်တွေရဲ့အားပေးမှုကိုလည်း အခိုင်အမာရရှိထားတဲ့ ကင်ဂိုအွန်းဟာ စွယ်စုံရမင်းသမီးတစ်လက်ဖြစ်တယ်လို့ ယုံကြည်ပါတယ်။ သူ ဒီဇာတ်ကောင်စရိုက်နှစ်မျိုးကို ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်သွားနိုင်ပါလိမ့်မယ်” လို့ ဆိုပါတယ်။
The King: The Eternal Monarch ဇာတ်လမ်းမှာ ကိုရီးယားဘုရင်လီဂွန်းဟာ အပြိုင်ကမ္ဘာနှစ်ခုကြား အသွားအလာလုပ်ကာ ခေတ်သစ်ကိုရီးယားက စုံထောက်ဂျန်တေးအူနဲ့ ပူးပေါင်းပြီး လူဆိုးတွေကို ရင်ဆိုင် တိုက်ခိုက်ဖို့ ကြိုးစားပုံကို အခြေခံရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဘုရင်လီဂွန်းနေရာမှာတော့ လီမင်ဟိုက ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ မင်းသားလီမင်ဟိုဟာ နာမည်ကျော် “Heirs” ဇာတ်လမ်တုန်းက စာရေးဆရာမ ကင်အွန်ဆုနဲ့အတူ အလုပ်တွဲဖက်လုပ်ကိုင်ခဲ့ဖူးပါတယ်။
လီမင်ဟိုနဲ့ ကင်မ်ဂိုအွန်းတို့အတူ ပါဝင်သရုပ်ဆောင်မယ့် “The King: The Eternal Monarch” ဒရမ်မာ ဇာတ်လမ်းတွဲဟာ အခုနှစ်ဝက်ကစလို့ စတင်ရိုက်ကူးသွားမှာ ဖြစ်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်ရောက်မှ ထုတ်လွှင့်ပြသမှာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မင်းသားချော လီမင်ဟိုနဲ့ ချစ်စရာမင်းသမီးလေး ကင်မ်ဂိုအွန်းတို့ကို ထူးထူးခြားခြား တွဲဖက်တွေ့မြင်ရမယ့် အဲဒီဇာတ်လမ်းသစ်ဟာ ပရိသတ်အကြိုက် ကိုရီးယား ဒရမ်မာဇာတ်လမ်းတွဲတစ်ခု ဖြစ်လာဦးမှာ သေချာပါတယ်။
by Cherry Mon
Ref; Soompi
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။