ကလေးဆေးရုံတွေကို နာမည်မဖော်ဘဲ နှစ်ပေါင်းများစွာငွေကြေးထောက်ပံ့ခဲ့တဲ့ ကီးနူးရီးဗ်စ်

ဝင်ငွေကောင်းပြီး နာမည်ကျော်ကြားတဲ့ နိုင်ငံတကာအနုပညာရှင်ထဲမှာ ပရဟိတစိတ်ဓာတ်ရှိပြီး အလှူအတန်း ရက်ရောတဲ့သူတွေ အများကြီးရှိပါတယ်။ လူသိအောင်တစ်မျိုး မသိအောင်တစ်မျိုး လှူဒါန်းကြတဲ့သူတွေလည်း ရှိပါတယ်။ အဲဒီထဲမှာ အသက် ၅၄ နှစ်အရွယ် ဟောလိဝုဒ်မင်းသားကြီး ကီးနူးရီးဗ်စ် (Keanu Reeves) လည်း တစ်ယောက်အပါအဝင်ပါပဲ။ အခုလက်ရှိအချိန်မှာ ရီးဗ်စ်ခေါင်းဆောင်ပါဝင်ထားတဲ့ John Wick 3 ရုပ်ရှင်ကို ရုံတင်ပြသနေပြီး ပွဲဦးထွက်မှာ တစ်ပတ်စာဝင်ငွေအကောင်းဆုံး ဇာတ်လမ်းအဖြစ် ရပ်တည်နေပါတယ်။


ရီးဗ်စ်ဟာ ဝင်ငွေကောင်းတဲ့ နာမည်ကျော်မင်းသားတစ်လက်ဖြစ်ပေမဲ့ ပကာသနမဖက်ဘဲ အနေအထိုင် ရိုးရှင်းလွန်းသူ ဖြစ်ပါတယ်။ မြေအောက်ရထားစီးနင်းချိန်မှာ အမျိုးသမီးတစ်ယောက်အတွက် သူထိုင်ခုံဖယ်ပေးခဲ့ ဖူးသူ ရီးဗ်စ်ဟာ ကမ်းခြေမှာ ဆစ်ဒဝှစ်ချ်စားရင်း လမ်းပေါ်ကအိမ်ရာမဲ့တစ်ယောက်နဲ့လည်း စကားလက်ဆုံ ကျချင်လည်း ကျနေတတ်သူဖြစ်ပါတယ်။ ဒါ့ပြင် ပရဟိတစိတ်ဓာတ်ရှိတဲ့ ရီးဗ်စ်ဟာ ကလေးဆေးရုံတစ်ခု အတွက် လူမသိအောင် ငွေကြေးထောက်ပံ့ပေးနေတာလည်း နှစ်ပေါင်းများစွာ ကြာပါပြီ။


ရီးဗ်စ်ဟာ ငယ်ရွယ်စဉ်အခါက သူ့ပုံခုံးပေါ်မှာ တာဝန်အများကြီးကို ထမ်းရင်း ဘဝကိုလျှောက်လှမ်းခဲ့သူ ဖြစ်ပါတယ်။ သူ့အသက် ၃ နှစ်အရွယ်မှာ ဖခင်ဖြစ်သူထောင်ကျသွားတာကြောင့် အဲဒီအချိန်ကစလို့ ရီးဗ်စ် တစ်ယောက် မိခင်ဖြစ်သူနဲ့အတူ ပထွေးပေါင်းများစွာနဲ့ နေထိုင်ခဲ့ရပါတယ်။ ဒါ့ပြင် သူ့မှာ dyslexia လို့ခေါ်တဲ့ စာဖတ်ခက်တဲ့ရောဂါတစ်မျိုး ရှိနေတာကြောင့် ကျောင်းတက်ရတာ ခက်ခဲခဲ့ပြီး ကျောင်းပေါင်းများစွာကိုလည်း ပြောင်းရွှေ့ခဲ့ရဖူးပါတယ်။


ရီးဗ်စ်ဟာ သူ့ရောဂါကြောင့် စာပေဘက်မှာ အားနည်းခဲ့ပေမဲ့ အားကစားမှာထူးချွန်ပြီး ရေခဲဟော်ကီကစားခြင်း ကို နှစ်သက်ခုံခမင်သူ ဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ် ရေခဲဟော်ကီအားကစားသမားတစ်ယောက် ဖြစ်လာဖို့ ဆန္ဒရှိပေမဲ့ ကစားရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တာကြောင့် အခုလို သရုပ်ဆောင်လိုင်းဘက် ရောက်ရှိပြီး မင်းသားဖြစ်လာခဲ့တာပါ။


ရီးဗ်စ်ရဲ့ မိသားစုကံမကောင်းမှုဟာ ဒီနေရာမှာတင် ရပ်မသွားပါဘူး။ ၁၉၉၈ ခုနှစ်မှာ နှစ်အတော်ကြာတွဲခဲ့တဲ့ ချစ်သူနဲ့ လက်ထပ်ခဲ့ပြီး တစ်နှစ်ကျော်အကြာမှာ ဇနီးဖြစ်သူက ကိုယ်ဝန်ရခဲ့ပေမဲ့ လရင့်ချိန်မှာ ကလေးပျက်ကျ သွားခဲ့ပါတယ်။ အဲဒီအဖြစ်ပျက်ပြီး ရက်သတ္တအနည်းငယ်အကြာမှာတော့ စိတ်ကျဝေဒနာခံစားနေရတဲ့ ဇနီးဖြစ်သူဟာ ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ ရီးဗ်စ်တစ်ယောက် အဲဒီအချိန်ကစလို့ နောက် အိမ်ထောင်ထပ်မပြုခဲ့တာ အခုချိန်ထိပဲ ဖြစ်ပါတယ်။


ရီးဗ်စ်တည်ထောင်ထားတဲ့ ပရဟိတအဖွဲ့ဟာ ကင်ဆာသုတေသနအတွက် လှူဒါန်းခဲ့သလို ကလေးဆေးရုံနဲ့ ကလေးတွေအတွက်လည်း လှူဒါန်းလေ့ရှိပါတယ်။ အဲဒီအကြောင်းနဲ့ပတ်သက်လို့ ရီးဗ်စ်က “ကျွန်တော် ဒီ ပရဟိတဖောင်ဒေးရှင်းကို လုပ်နေတာ ငါးနှစ်ခြောက်နှစ်လောက် ရှိပါပြီ။ ကလေးဆေးရုံတွေနဲ့ ကင်ဆာသုတေသနအတွက် ကူညီပေးနေပါတယ်။ အဲဒီအတွက် ကျွန်တော့်နာမည်ကို တံဆပ်မကပ်ချင်ပါဘူး။ ဖောင်ဒေးရှင်းအနေနဲ့ပဲ လုပ်ဆောင်သွားမှာပါ” လို့ ထုတ်ပြောခဲ့ပါတယ်။


၁၉၈၄ ခုနှစ်ကတည်းက အနုပညာလောကထဲ စတင်ရောက်ရှိခဲ့တဲ့ ရီးဗ်စ်ဟာ Bill and Ted ဇာတ်လမ်းတွေ၊ Point Break, Speed, John Wick ဇာတ်လမ်းတွေ၊ Constantine နဲ့ The Matrix ဇာတ်လမ်းတွေအပါအဝင် နာမည်ကျော် ရုပ်ရှင်ဇာတ်လမ်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ရီးဗ်စ်ဟာ သူနဲ့အတူအလုပ်လုပ်တဲ့ သူတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အမြဲတမ်းကျွေးမွေးဧည့်ခံလေ့ရှိတဲ့ ရက်ရောသဘောကောင်းသူကြီး လည်း ဖြစ်ပါတယ်။


by Cherry Mon


Ref; Good Times, Wikipedia


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။