မီးတောင်ရှင်ရှိတဲ့ တောင်ထိပ်မှာ “Ro” ဆန်ဆန် လက်ထပ်ခွင့်တောင်းခံခဲ့တဲ့ စုံတွဲ

အခုနောက်ပိုင်းမှာ romantic ဆန်ဆန် ခပ်ဆန်းဆန်လေးပုံစံလေးတွေနဲ့ လက်ထပ်ခွင့်တောင်းတာက အတော် ခေတ်စားလာပါတယ်။ ဒါပေမဲ့ တောင်ထိပ်ဖျားမှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံတာမျိုးကတော့ ခပ်ရှားရှားပါပဲ။ ကနေဒီယမ်စုံတွဲတစ်တွဲကတော့ အင်ဒိုနီးရှားနိုင်ငံ တောင်ကြီးတစ်တောင်ရဲ့ ထိပ်ဖျားမှာ လက်ထပ်ခွင့်တောင်းခံပြီး Ro ခဲ့ကြပါတယ်။ ပိုထူးခြားတာကတော့ အဲဒီတောင်ဟာ အသက်ဝင်လှုပ်ရှားနေတဲ့ မီးတောင်ရှင်တစ်ခု ဖြစ်နေတာပါပဲ။


အဲလစ်ဆန်နဲ့ ဂျားရော့ထ် လို့ နာမည်ရတဲ့ ကနေဒီယမ်စုံတွဲဟာ အင်ဒိုနီးရှားနိုင်ငံမှာရှိတဲ့ မီးတောင်ရှင်တစ်ခုဖြစ် တဲ့ ဘရွမ်မိုတောင် (Mount Bromo) ကို အတူတကွ တက်ရောက်ခဲ့ကြပါတယ်။ အခက်အခဲတွေကို ကျော်လွန်ပြီး တောင်ထိပ်ကိုရောက်ရှိချိန်မှာတော့ “ရို” လွန်းတဲ့ အမျိုးသားဖြစ်သူဂျားရော့ထ်က သူ့ချစ်သူ အမျိုးသမီး အဲလစ်ဆန်ရဲ့ရှေ့မှာ ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းခံခဲ့တာ ဖြစ်ပါတယ်။


အဲဒီလိုမီးတောင်ပေါ်တက်ရောက်တာဟာ အဲလစ်ဆန်တို့စုံတွဲအတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ မီးတောင်ထိပ်ကို ဘဝမှာပထမဆုံးအကြိမ်အဖြစ် ရောက်ရှိချိန်မှာ ခုလိုလက်ထပ်ခွင့်တောင်းခံခဲ့တာဟာ သူတို့ အတွက်တော့ တကယ့်ကို အမှတ်တရပါပဲ။ ကနေဒါကနေ အင်ဒိုနီးရှားကို လာရောက်ခဲ့ကြတဲ့ သူတို့နှစ်ယောက် ဟာ မြေပြင်ကနေ တောင်ထိပ်အထိရောက်အောင် ခရီးကြမ်းနှင်ခဲ့ကြတာဖြစ်ပြီး ကျဉ်းမြောင်းတဲ့ တောင်တန်း တစ်လျှောက် အတူတကွ ခြေလျင်ခရီးနှင်ခဲ့တာပါ။


သူတို့ရောက်ရှိရာနေရာကို ရိုက်ကူးထားတဲ့ Drone ထဲက အတိုင်းဆိုရင် ဂျားရော့ထ်ဟာ အဲလစ်ဆန်ရှေ့မှာ ဒူးထောက်ထိုင်ချပြီး လက်တစ်ဖက်ကလည်း စေ့စပ်လက်စွပ်ထည့်ထားတဲ့ ဗူးလေးကို ကိုင်ထားပါတယ်။ အဲဒီ အချိန်မှာ အဲလစ်ဆန်ကလည်း သူမပါးစပ်ကို လက်နဲ့ပိတ်ပြီး အကြီးအကျယ်အံ့သြသွားတဲ့ပုံစံမျိုးဖြစ်သွားတာကို တွေ့မြင်ရပါတယ်။ အဲလစ်ဆန်တစ်ယောက် ဘယ်လောက်အံ့သြပြီး ကြည်နူးပီတိဖြစ်သွားမယ်ဆိုရင် ပြောပြစရာတောင် လိုမယ်မထင်ပါဘူး။

အဲဒီလို လက်ထပ်ခွင့်တောင်းခံမှုကြောင့် တအံတသြဖြစ်သွားခဲ့တဲ့ အဲလစ်ဆန်ဟာ မျက်ရည်အဝဲသားနဲ့ “Yes” ဆိုတဲ့ အဖြေကို ပြန်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နှစ်ဦးသားပွေ့ဖက်ကာ ပျော်ရွှင်ကြည်နူးစွာ အနမ်းချွေ ခဲ့ကြပါတယ်။ အဲဒီအဖြစ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို သူတို့စုံတွဲကပဲ You Tube ပေါ် တင်ခဲ့တာဖြစ်ပြီး ဂျားရော့ထ် က ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ ၆ ရက်မှယ ပထမဆုံးအနေနဲ့ မီးတောင်တက်ခဲ့ပြီး သူတို့အတွက် နေ့ထူးနေ့မြတ် ဖြစ်ခဲ့တယ်လို့ အဓိပ္ပါယ်ရတဲ့ စာသားကိုလည်း တစ်ပါတည်းတွဲတင်ခဲ့ပါတယ်။


သူတို့နှစ်ဦးဟာ ကနေဒါနိုင်ငံ၊ အော့တိုဝါမြို့က ဆရာဖြစ်ပညာသင်ကြားရေးပရိုဂရမ်တစ်ခုမှာ တစင်တွေ့ဆုံခဲ့ပြီး ဝါသနာတူတဲ့ သူတို့နှစ်ဦးဟာ ချစ်သူဘဝကို ရောက်ရှိခဲ့ကြပါတယ်။ ခရီးသွားရတာကို ဝါသနာပါတဲ့ သူတို့စုံတွဲ ဟာ ခရီးတွေအတူထွက်ခဲ့ကြပြီး ခရီးသွားဘလော့ဂ် (Travel Blog) တစ်ခုကိုလည်း အတူတူဖန်တီးခဲ့ကြပါတယ်။


by Cherry Mon


Ref; Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။