ထောင်နဲ့ချီတဲ့ အကြွေစေ့တွေနဲ့ ကားလာဝယ်ခဲ့တာကြောင့် ၃ ရက်ကြာ ရေတွက်ခဲ့ရ

အခုခေတ်မှာ အကြွေးကဒ်လို ကဒ်စနစ်တွေပေါ်ပေါက်လာတာကြောင့် ငွေအများကြီးသုံးရတဲ့ ကုန်ပစ္စည်း ဝယ်ယူမှုတွေမှာ အရင်ကထက် ပိုမိုလွယ်ကူလာပါတယ်။ နိုင်ငံတကာမှာ အိမ်နဲ့ ကားလို ကုန်စည်တွေကို ဝယ်ယူရာမှာ ဘဏ် ကနေတဆင့် ဒါမှမဟုတ် ဘဏ်ကဒ်တွေနဲ့ ငွေရှင်းလေ့ရှိကြပါတယ်။ ဒါပေမဲ့ တရုတ်နိုင်ငံ က အမျိုးသမီးတစ်ယောက်ကတော့ တရုတ်ယွမ်ငွေ ၁၉၀,၀၀၀ (ပေါင် ၂၁,၇၀၀) တန် ကားတစ်စီးကို ငွေ အကြွေစေ့တွေနဲ့ ဝယ်ယူခဲ့ပါတယ်။


အဲဒီအမျိုးသမီးဟာ တရုတ်နိုင်ငံက ကားအရောင်းဆိုင်မှာ Volkswagen Passat ကားတစ်စီးကို လာရောက် ဝယ်ယူခဲ့တာဖြစ်ပြီး ငွေအကြွေစေ့အိတ်ကြီး ၆၆ အိတ်ကို သယ်ဆောင်လာခဲ့ပါတယ်။ အဲဒီလို ထူးခြားတဲ့ ဝယ်ယူမှုကြောင့် ဆိုင်က ဝန်ထမ်းတွေ ဆွံ့အပြီး အံ့သြသွားခဲ့ရပါတယ်။


အရွယ်အစားကြီးမားတဲ့ အဲဒီငွေအကြွေစေ့အိတ် ၆၆ အိတ်ကို ဆိုင်က အလုပ်သမား ၁၇ ယောက်က ဝိုင်းဝန်း ရေတွက်ခဲ့ကြရာ အချိန် ၃ ရက် ကြာခဲ့ပါတယ်။ အဲဒီလို ထောင်ပေါင်းများစွာရှိတဲ့ ငွေအကြွေစေ့တွေကို ရေတွက် ခဲ့ရမှုကြောင့် ဆိုင်ဝန်ထမ်းတွေရဲ့ လက်မှာ အနက်ရောင်အစွန်းတွေတောင် စွန်းထင်းကျန်ရစ်ခဲ့ပါတယ်။


ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Cangzhou Daily ရဲ့ အဆိုအရ အဆိုပါအမျိုးသမီးမှာ စားသောက်ဆိုင် သေးသေးလေးကို ပိုင်ဆိုင်သူဖြစ်ပြီး အဲဒီအကြွေစေ့တွေကလည်း သူမရဲ့ဖောက်သည်တွေဆီကနေ ရရှိတဲ့ အကြွေတွေကို စုဆောင်းထားတာပါ။
သူမအတွက် ဘဏ်မှာ ငွေသွားစုဖို့ အခက်အခဲရှိတာကြောင့် အဲဒီအကြွေစေ့တွေကို သူမအိမ်မှာပဲ ၁၀ နှစ်လောက် စုဆောင်းထားခဲ့တာလည်း ဖြစ်ပါတယ်။ ကားသစ်တစ်စီးဝယ်ယူဖို့ ငွေလုံလောက်ချိန်မှာတော့ သူမဟာ အဲဒီအကြွေစေ့တွေနဲ့ အခုလို ကားလာဝယ်ခဲ့တာပါ။


အဲဒီအဖြစ်ဟာ လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်ပြောဆိုမှုတွေလည်း ရှိခဲ့ပါတယ်။ “အလုပ်သမားတွေ သနားပါတယ်၊ အချိန်နဲ့လုပ်အားကို ဖြုန်းတီးတာပဲ”၊ “အကြွေတွေကို အလေးချိန်နဲ့ချိန်သင့် တယ်” လို့ ဝေဖန်ခဲ့ကြတာပါ။ တချို့ကလည်း “အဲဒီအမျိုးသမီးအိမ်မှာ အကြွေစေ့ပစ်ပြီ ဆုတောင်းတဲ့ ရေပန်း များ ရှိနေတာလား” လို့ နောက်ပြောင်ပြောဆိုခဲ့ကြပါတယ်။


by Cherry Mon


Ref; Daily Mail

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။