ရန်ကုန်မြို့အတွင်း မြို့နယ်အလိုက် ရေပြတ်တောက်ဦးမည်

လတ်တလော ရေရှားပါးမှုကြောင့် မြို့နေပြည်သူများ အခက်အခဲကြုံနေရပြီး မကြာမကြာ မိုးရွာသွန်းမှုကြောင့် တချို့နေအိမ်တွေ အဆင်ပြေနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ငမိုးရိပ်ရေသန့်စင်စက်ရုံ (အထယု)မှာ လျှပ်စစ်ဓါတ်အား ပြတ်တောက်မှာဖြစ်တဲ့ အတွက် မြို့နယ် (၁၂)မြို့နယ်မှာ ရေပြတ်တောက်မှုဖြစ်ပေါ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရပါတယ်။

ဓာတ်အားလိုင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနဲ့ ဓာတ်အားလိုင်း အပြစ်ဖြစ်မှု လျော့နည်းစေရန်အတွက် ရန်ကုန်မြို့အတွင်း ဓာတ်အားပိတ်ပြီး မလွတ်ကင်းတဲ့ သစ်ကိုင်းတွေ ရှင်းလင်းမယ်လို့လည်း သိရပါတယ်။ အဆိုပါ ရှင်းလင်းမှုကြောင့် မေလ (၃၀)ရက်နေ့ မနက်(၉)နာရီမှစပြီး နေ့လည် (၂)နာရီထိ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (၄)မြို့နယ်၊ သာကေတ၊ ဒေါပုံနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လျှပ်စစ်ဓာတ်အားလိုင်း ဖြတ်တောက်ထားမှာဖြစ်ပြီး ၎င်းဖြတ်တောက်မှုကြောင့် ရေရရှိမှာ မဟုတ်ပါဘူး။

သောက်သုံးရေ အစဉ်ဆက်မပြတ်ပေးဝေနိုင်ဖို့အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်နဲ့ ညောင်နှစ်ပင် ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး ရေတွန်းစက်တွေနဲ့ လည်ပတ်မောင်းနှင်ပေးဝေရတာဖြစ်ပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းအနေနဲ့ မြို့နယ်တော်တော်များများမှာ ရေအားနည်းနိုင်တာကြောင့် ကြိုတင်ပြီး ရေတွေ စုဆောင်းထားကြဖို့ကိုလည်း ရန်ကုန်မြို့တော်ဝန်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ ရေးသားထားပါသေးတယ်။

ပြည်သူများအနေနဲ့ ရေလိုအပ်ချက်ရှိပါက အရှေ့ပိုင်းခရိုင်ရုံးအတွက် ဖုန်း (09 250 283 823)၊ အနောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း (09 250 283 812)၊ တောင်ပိုင်းခရိုင်ရုံးအတွက် ဖုန်း (09 5054565)နဲ့ မြောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း (09 253 835 275) ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့လည်း သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။