ဝိုင်ဖိုင် နဲ့ SD Card တွေပါမှာမဟုတ်တော့တဲ့ Huawei

Trade Block List အသွင်းခံရတာတို့၊ Chipset တွေမရတော့တာတို့၊ Matebook တွေ Microsoft Online Store ပေါ်ကနေ အဖယ်ခံလိုက်ရတာတို့ဆိုတာ ဒီဖြစ်ရပ်နဲ့စာရင် ဘာမှမဟုတ်သလိုပါပဲ။

အခုဆို နာမည်ကြီးအမေရိကန် ဝိုင်ဖိုင်ကုမ္ပဏီကြီးဖြစ်တဲ့ Wifi Alliance နဲ့ SD Association တို့ကပါ သမ္မတ ထရန့်ပ်ရဲ့ အမိန့်ကိုလိုက်နာတဲ့အနေနဲ့ Huawei ကိုလက်တွဲဖြုတ်လိုက်ကြပါပြီ။ ဒါဟာ အမေရိကန်သမ္မတရဲ့ rule တွေကိုလိုက်နာပြီး Huawei နဲ့ allied အဖြစ်ကနေ လက်တွဲဖြုတ်လိုက်တဲ့ နောက်ထပ်ကုမ္ပဏီတွေပါ။

သတင်းတွေအရတော့ Wi-fi Alliance ဟာ သူ့ရဲ့မိတ်ဖက်စာရင်းထဲမှာ Huawei ပါဝင်နေမှုကို ကန့်သတ်လိုက်တယ်။ သဘောကတော့ အဖွဲ့အစည်းထဲကနေ Huawei ကို ဖယ်ရှားလိုက်တာပေါ့။ ဆိုလိုတာက Huawei အနေနဲ့ Wi-fi Alliance ကနေ ထောက်ပံ့ပေးထားတဲ့ Core Wi-fi technology ကို နောက်ထပ်မရတော့ဘူးဆိုတဲ့သဘောပါ။ ဒါဟာ Huawei အတွက် နောက်ထပ်အရှိုက်ကိုထိစေတဲ့လက်သီးပြင်းတစ်ချက်လည်းဖြစ်တယ်။

နောက်တစ်ချက်ကတော့ SD Association ပါ။ SD Association ကလည်း Huawei နဲ့လက်တွဲဖြုတ်လိုက်တဲ့အတွက် ပမာဏအများကြီးဝင်ဆန့်တဲ့ Digital Storage Device တွေကို ရရှိတော့မှာမဟုတ်ပါဘူး။ ဘာတွေဖြစ်လာမလဲဆိုတော့ ကင်မရာ နဲ့ ဖုန်းတွေမှာ လိုအပ်တဲ့ သိုလှောင်မှုအပိုင်းမှာ ပြဿနာတွေအများကြီးဖြစ်လာနိုင်တယ်။

ဘေးကျပ်နံကျပ်ဖြစ်နေတဲ့အခြေအနေကနေ Huawei ဘယ်လိုရုန်းထွက်မလဲဆိုတာ ပိုပိုပြီးစိတ်ဝင်စားဖို့ကောင်းလာပါပြီ။ တစ်ဖက်ကတွေးမယ်ဆိုရင်တော့ ဒီအခြေအနေတွေဟာ Huawei ကို နောက်ထပ် မဟာမိတ်တွေရှာဖို့တွန်းအားဖြစ်သလို ကိုယ်ပိုင် Eco System ( ဥပမာ iPhone ရဲ့ IOS လိုမျိုး ) တစ်ခုထူထောင်ဖို့လမ်းစလည်းဖြစ်နိုင်တယ်။ ကိုယ်ပိုင် Eco System တစ်ခုထူထောင်လိုက်တဲ့အခါ user တွေအကုန်လုံးဟာ အရင်ကလိုမျိုး free to access App တွေတော်တော်များများကို မရတော့ဘူး။ ပိုက်ဆံပေးမှရတော့မယ့်အနေအထားဖြစ်သွားမယ်။ Apple Pay လိုမျိုးငွေသားနဲ့ပေးချေရတဲ့ Huawei Pay Card တွေဘာတွေပေါ်လာမယ်။ သုံးရတဲ့ပုံစံက private ဆန်လာမယ်။ တစ်သီးတစ်သန့်ဖြစ်သွားမယ်။ သူ့ဆီက acknowledged ပေးထားတဲ့ App တွေပဲ ယူရတော့မယ်။ အဲ့ဒီတော့ နောက်ဆက်တွဲ လုံခြုံရေးဆိုင်ရာပြဿနာတွေ၊ ဗိုင်းရပ်စ်ဝင်တာတွေ ဘာညာမဖြစ်တော့ဘူး။ အဲ့ဒီလို သီးသန့်user တွေများလာလေလေ၊ အဲ့ဒီ user တွေဆီကနေ ပိုက်ဆံတွေပိုဝင်လာမယ်။ ဒီနည်းစနစ် အမြစ်စွဲသွားတဲ့အခါ Huawei ရဲ့ income က ဖုန်းရောင်းအားပေါ်မှာပဲ မှီခိုနေစရာမလိုတော့ဘူးပေါ့။ တွေးကြည့်တာပေါ့နော်။ တကယ်လို့ Huawei သာ IOS ကို inspiration ယူတတ်မယ်ဆိုရင်ပေါ့။

Huawei အနေနဲ့ Hongmeng လို့ခေါ်တဲ့ ကိုယ်ပိုင် OS တစ်ခုကို တည်ဆောက်ထားတယ်လို့ ဥက္ကဌကြီး ရန်ကျန်းဖေ့ က ပြောထားတယ်။ နောက်ပြီး Chips တွေမရရင်လည်း အဆုံးစွန်ထိတောင့်ခံနိုင်ဖို့ အရန် Chips တွေသိုလှောင်ထားတယ်လို့ Hi Silicon ရဲ့ ဥက္ကဌဖြစ်သူ ကျန်း ကလည်း ထုတ်ပြန်ခဲ့ဖူးပါတယ်။ ဆိုတော့ကာ Chips နဲ့ OS အတွက်ကတော့ လောလောဆယ်စိတ်ပူစရာမရှိပေမယ့် Wi-fi နဲ့ storage device အတွက် Huawei ခေါင်းခဲရမယ်ဆိုတာ မကြည့်ပဲနဲ့သိနေနိုင်ပါတယ်။

တစ်ချို့ကပြောကြတယ်။ သူ့မှာ Kirin Chips တွေကို ကိုယ်ပိုင်ထုတ်တာတဲ့။ စိတ်ပူစရာမရှိပါဘူးတဲ့။ ဒါပေမယ့် Kirin 980 ဆိုတာလည်း ARM Cortex - A9 ဆိုတဲ့ processor core တွေကို အခြေခံ၊ ဒီဇိုင်းယူပြီးလုပ်ထားတာ။ ARM Holdings က အင်္ဂလန်အခြေစိုက်ကုမ္ပဏီ၊ ကိန်းဘရစ်ချ်ကဆိုတာသိပါလေ။ အခုဆို ARM ကလည်း Huawei နဲ့လက်တွဲဖြုတ်ပြီဆိုတော့ အက်ဒမင်က သောင်ပြင်လွှတ်တဲ့လိပ်လေးလို့ပြောရင် စာဖတ်သူတွေစိတ်မဆိုးပါနဲ့။ အမှန်တွေပဲပြောနေတာပါ။ စာဖတ်ပြီးပြောနေတာပါ။ စာမဖတ်ပဲ မလေ့လာပဲပြောနေတာတစ်ခုမှမပါပါ။

ထားပါတော့။ ဒါဆို နောက်လာမယ့် Huawei ဖုန်းတွေ ( လာခဲ့သည်ရှိသော်ပေါ့ ) မှာ Wi-fi နဲ့ SD Card တွေမပါတော့ဘူးဆိုရင် သုံးကြမှာလား။ Google နဲ့ပတ်သက်သမျှ မပါတော့ဘူးဆိုရင်ရော သုံးကြမှာလား .. ဒါပေမယ့် မြန်မာနိုင်ငံမှာက Huawei User တော်တော်များပြီး တော်တော်များများကလည်း Huawei Fan တွေဖြစ်နေကြတော့သုံးကြမယ်ထင်ပါတယ်။ ဖုန်းဘာပဲဖြစ်နေနေ ကင်မရာကောင်းရင်ပြီးရောဆိုတဲ့သူတွေရှိသလို Huawei ဖြစ်ရင် Huawei တံဆိပ်ပါရင်ပြီးရော .. ကျန်တာလာမပြောနဲ့ မသိချင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်စွဲတွေတယ်များတော့လည်း ကြိုက်ရာသုံးကြပါလေ။ မပြောလို .. ကွာလတီ နဲ့ စိတ်ကျေနပ်မှုကတော့ နောက်တစ်ပိုင်းပေါ့။ မဟုတ်ဘူးလား ?

Wi-fi မရ၊ extra SD စိုက်မရ၊ youtube .. Gmail .. Playstore နဲ့ Google Search တွေမပါပဲ တရုတ်စာ၊ တရုတ်ဝက်ဘ်ဆိုဒ်တွေနဲ့ပြည့်နေတဲ့ ဖုန်းတစ်လုံးကိုတော့ ဘယ်သူမှ မျက်ကန်းလမ်းလျှောက်သလို စမ်းတဝါးဝါးနဲ့သုံးချင်ကြမှာမဟုတ်ပါဘူး။

Gabriel
Source - Techdator.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။