ကမ္ဘာ့အခံ့ညားဆုံးနဲ့ ဓာတ်ပုံအစားဆုံးဂေါ်ရီလာအဖြစ် သတ်မှတ်ခံထားရတဲ့ မျောက်ဝံကြီး

အသက် ၂၀ အရွယ် ရှိပြီဖြစ်တဲ့ ရှာဘန်နီ (Shabani) အမည်ရှိ ဂေါ်ရီလာမျောက်ဝံကြီးဟာ ကမ္ဘာမှာ ခံ့ညားဆုံး နဲ့ ဓာတ်ပုံအစားဆုံးဂေါ်ရီလာကြီးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လက်ရှိ ဂျပန်နိုင်ငံ၊ နာဂိုရာမြို့က ဂေါ်ရီလာကြီး ရှာဘန်နီဟာ ခံ့ညားတည်ကြည်တဲ့ ရုပ်ရည်နဲ့ ယောကျာ်းဆန်တဲ့ အကြည့်တွေကြောင့် လာရောက်လည်ပတ်သူ အမျိုးသမီးတွေကြားမှာ ရေပန်းစားလျက် ရှိပါတယ်။


ရယ်ရွှင်ဖွယ်ကောင်းတဲ့ ဓာတ်ပုံအမူအယာပေးတတ်မှုနဲ့ အရည်ပျော်လောက်တဲ့ ငေးစိုက်ကြည့်ဟန်တို့ကြောင့် ရှာဘန်နီဟာ ဟီဂါရှီယာမတိရစ္ဆာန်ရုံနဲ့ ဘူမိဗေဒဥယျာဉ်မှာ လတ်တလော ရေပန်းစားနေပါတယ်။ သူဟာ အဲဒီ တိရစ္ဆာန်ရုံကို ၂၀၀၇ ခုနှစ်ကတည်းက ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ရှာဘန်နီဟာ ဆစ်ဒနေး ဆိပ်ကမ်းအနီးက တာရွန်ဂါတိရစ္ဆာန်ရုံမှာ နေထိုင်ကျက်စားခဲ့ပါတယ်။


ရှာဘန်နီဟာ သူ့ရဲ့ပြန့်ကားတဲ့ ပုခုံးတွေ၊ ပုံကျတဲ့ မေးရိုးတွေနဲ့ ယောကျ်ားဆန်ဆန် ခပ်စိုက်စိုက်အကြည့်တွေ ကြောင့်လည်း တိရစ္ဆာန်ရုံမှာ ရေပန်းစားနေတာ ဖြစ်ပါတယ်။ ရှာဘန်နီဟာ ဂေါ်ရီလာမျောက်ဝံတစ်ကောင် ဖြစ်ပေမဲ့ ဓာတ်ပုံရိုက်တဲ့အခါ လူသားမိုဒယ်တစ်ယောက်လို ပို့စ်အမျိုးမျိုးကို ထူးထူးခြားခြား လုပ်တတ်သူ ဖြစ်တာကြောင့် နာမည်ပိုကြီးလာခဲ့ပါတယ်။ တချို့တွေကဆိုရင် ရှာဘန်နီကို ချောမောခံ့ညားတဲ့ နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး ဂျော့ချ်ကလူနီနဲ့တောင် နှိုင်းယှဉ်ပြောဆိုကြပါတယ်။


တိရစ္ဆာန်ရုံက တာဝန်ရှိသူတွေအတွက်အဆိုအရ ရှာဘန်နီရဲ့ဓာတ်ပုံကို Twitter မှာ တင်လိုက်ကတည်းက တိရစ္ဆာန်ရုံမှာ လာရောက်လည်ပတ်သူ အမျိုးသမီးတွေ စုရုံးရောက်ရှိလာကြတယ်လို့ ဆိုပါတယ်။ ချောမော ခံ့ညားတဲ့ ဂေါ်ရီလာကြီးရဲ့ လျှပ်တပြက်အမူအယာတွေကို  ကြည့်ရှုချင်ကြတဲ့ လာရောက်လည်ပတ်သူတွေဟာ တစ်ကြိမ်မှာ အယောက် ၁၀၀ လောက်အထိ ရှိပါတယ်။


သူ့ရဲ့ ရှာဘန်နီဆိုတဲ့ နာမည်အရင်းအပြင် “ikemen” လို့လည်း ဂျပန်လို ချစ်စနိုးနာမည် ပေးထားပါတယ်။ ikemen ဆိုတာဟာ ဂျပန်စကားနဲ့ဆိုရင် ရုပ်ချောတဲ့အမျိုးသား (handsome guy) လို့ အဓိပ္ပါယ်ရပါတယ်။ ပုံမှန် အချိန်တွေဆိုရင် ရှာဘန်နီဟာ သူ့ကြွက်သားတွေကို လှုပ်ရှားကစားရင်း အေးအေးလူလူနေလေ့ရှိပါတယ်။ အလုပ်များတဲ့နေ့တွေဆိုရင်တော့ ဟီဂါရှိယာမရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူအဖြစ် ဆောင်ရွက်ပြီး ချိုချဉ်နဲ့ ကိတ်မုန့်တွေအတွက် ကြော်ငြာရိုက်ကူးပေးလေ့ရှိပါတယ်။


ချောမောခံ့ညားတဲ့ ရှာဘန်နီကြီးမှာ Ai နဲ့ Nene ဆိုတဲ့ ဇနီးနှစ်ယောက်ရှိပြီး Kiyomasi နဲ့ Annie ဆိုတဲ့ ကလေး နှစ်ယောက်လည်း ရှိပါတယ်။ ဒါပေမဲ့ သဘောကောင်းတဲ့ ဂေါ်ရီလာကြီးကတော့ သူနဲ့ ဓာတ်ပုံအတူတူရိုက်ချင် ကြတဲ့ ပရိသတ်တွေရဲ့တောင်းဆိုချက်ကိုတော့ ဘယ်တော့မှ ငြင်းပယ်လေ့မရှိပါဘူး။


by Cherry Mon


Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။