ဆရာဝန်အမျိုးသမီးအား ရွှေပြည်သာမီးသတ်ဦးစီးအပါအဝင် ဝန်ထမ်း (၁၀)ဦးမှ ပုဒ်မ(၄)ခုဖြင့် အမှုဖွင့်

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဆရာဝန်အမျိုးသမီးနဲ့ မီးသတ်ဝန်ထမ်းများ ယာဉ်ရပ်နားမှုနဲ့ စကားများ ရန်ဖြစ်မှုဟာ တဖြည်းဖြည်း လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့ပြီးနောက် ဝေဖန်မှုတွေ များပြားလာပါတယ်။ အခုလည်း အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးမှူးအပါအဝင် မီးသတ်ဝန်ထမ်း (၁၀)ဦးက ၎င်းဆရာဝန်အမျိုးသမီးကို ပုဒ်မ (၄)ခုနဲ့ မေလ (၂၅)ရက်နေ့က အမှုဖွင့်ထားကြောင်း သိရပါတယ်။

အဆိုပါ ဆရာဝန်အမျိုးသမီးကို တရားလိုပုဒ်မ(၄)ခုဖြစ်တဲ့  ပုဒ်မ (၃၅၄) ကိုယ်ထိလက်ရောက် ကျူးလွန်မှု၊ ပုဒ်မ (၅ဝ၆) ခြိမ်းခြောက်မှု၊ ပုဒ်မ (၅ဝ၉) ကာယိန္ဒြေကိုစော်ကားရန် ကြံရွယ်ပြောဆိုမှု၊ ပုဒ်မ (၁၁၄) ပြစ်မှုကျူးလွန်ခြင်းကို အားပေးကူညီမှုတို့ဖြင့် အမှုဖွင့်ခံထားရကြောင်း ရွှေပြည်သာမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူးထံမှ သိရပါတယ်။ 

ဖြစ်စဉ် အကျဉ်းချုပ်အရ ရွှေပြည်သာ စက်မှုဇုန် (၁)ရဲ့ မီးသတ်ရုံးရှေ့မှာ ရပ်နားပြီး လူစောင့်နေတဲ့ ဆရာဝန်အမျိုးသမီးရဲ့ ကားကို မီးသတ်ဝန်ထမ်းတွေမှ မရပ်နားရန် ဖယ်ခိုင်းရာမှ ကားပိုင်ရှင် ဆရာဝန်အမျိုးသမီးနဲ့ ဝန်ထမ်းများ စကားများမှု ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါ ဖြစ်စဉ်ကို အထက်လူကြီးများထံ တင်ပြထားပြီး ဆက်လက်ရင်ဆိုင်သွားဖို့ရှိတယ်လို့လည်း ဦးစီးမှူးက ပြောပါတယ်။ 

ယနေ့ မေလ (၂၈)ရက်နေ့မှာတော့ အဆိုပါအမှုနဲ့ ပတ်သက်ပြီး ရွှေပြည်သာမြို့မရဲစခန်းတွင် သွားရောက် တရားရင်ဆိုင်ရန် ရှိပြီး ဆက်လက်ပြီး ဘယ်လိုအခြေအနေမျိုး ဖြစ်လာဦးမယ်ဆိုတာကိုတော့ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်။ 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။