အမြန်လမ်း တာဝန်ကျ ရဲတပ်သားတစ်ဦးကို သတ်ပြီး ဆိုင်ကယ်နဲ့ဖုန်း လုယူသွား

ယနေ့ နံနက် (၃)နာရီအချိန်ခန့်က ရန်ကုန် - မန္တလေး အမြန်လမ်း မိုင်တိုင်(၁၅၂)မိုင် ရဲကင်းမှ ညပိုင်း လှည့်ကင်းတာဝန် ထမ်းဆောင်နေတဲ့ အသက် (၂၇)နှစ်အရွယ် ရဲတပ်သားတစ်ဦး အသတ်ခံရတယ်လို့ သိရပါတယ်။ 

ဖြစ်စဉ်အကျဉ်းချုပ်အရ အသတ်ခံရတဲ့ ရဲတပ်သားဟာ အနီးအနားတဝိုက်က ရဲကင်းတွေဖြစ်တဲ့ ရွာသစ်ရဲကင်းနဲ့ စမိုးရဲကင်းဘက်ကို ကင်းလှည့်ပြီး တာဝန်ကျနေရာကို ဇီးပင်သာ ကင်းတဲကို ပြန်ရောက်လာခဲ့ပါတယ်။ အဲ့နောက်မှာ ၎င်းရဲတပ်သားဟာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုနဲ့ နောက်တစ်ခေါက်အပြင် ပြန်ထွက်သွားရာမှ အသတ်ခံလိုက်ရတာပါ။

တာဝန်ကျ ကင်းတဲကို ပြန်ရောက်မလာဘဲ ကင်းတဲနဲ့ (၁)မိုင် (၆)ဖာလုံခန့်ရှိ ရွာသစ်ဘက်မှာ ဆောက်ထားတဲ့ ကင်းထဲမှာ အသတ်ခံလိုက်ရတာ ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တာဝန်ထမ်းဆောင်နေရင်း သေဆုံးသွားတဲ့ ရဲတပ်သားထံမှ ပြစ်မှုကျူးလွန်သူက ဆိုင်ကယ်နဲ့ ဖုန်းကိုလည်း လုယူသွားပြီး တိမ်းရှောင်သွားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ အလောင်းကို တောင်ငူဆေးရုံကြီးကို ပို့ဆောင်ထားပြီး ပြစ်မှုကျူးလွန်သူကိုတော့ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ (၃၀၂)၊ (၃၉၄)တို့နဲ့ အမှုဖွင့်ထားပြီး စတင်စုံစမ်းနေတယ်လို့လည်း သိရပါတယ်။

Source; တောင်ငူ ကြည်လင်း FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။