ဖခင်ကိုယ်စား ပရဟိတလုပ်နေတဲ့ ဖခင်ခြေရာနင်းမယ့် ပေါလ်ဝေါ်ကာရဲ့ မိုဒယ်သမီးငယ်

Fast & Furious ဇာတ်လမ်းတွေထဲက မင်းသားချော ပေါလ်ဝေါ်ကာဟာ ကွယ်လွန်ခဲ့တာ ၆ နှစ်လောက် ရှိပြီ ဖြစ်ပေမယ့် အခုထိ ပရိသတ်ရင်ထဲမှာ ကျန်ရှိနေတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သူကွယ်လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ် တုန်းကလည်း ပရိသတ်တွေ နှမျောတသသနဲ့ ဝမ်းနည်းခဲ့ကြရပါတယ်။ အခုအချိန်မှာတော့  ပေါလ်ဝေါ်ကာရဲ့ သမီးဖြစ်သူက သူ့ဖခင်ကိုယ်စား အနုပညာလောကမှာ မိုဒယ်လေးတစ်ယောက်အဖြစ် ပေါ်ထွက်လာခဲ့ပါပြီ။


မက်ဒိုဝေါ်ကာလို့ နာမည်ရတဲ့ ပေါလ်ဝေါ်ကာရဲ့ သမီးငယ်လေးဟာ သူ့အသက် ၁၃ နှစ်အရွယ်မှာ ဖခင်ကို ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ အခုဆိုရင်တော မက်ဒိုလေးဟာ ဖခင်ဖြစ်သူရဲ့ အနုပညာခြေရာကို နင်းပြီး မိုဒယ် တစ်ယောက်အဖြစ် အနုပညာလောကထဲ စတင်ရောက်ရှိလာခဲ့ပါပြီ။ အသက် ၂၀ သာရှိသေးတဲ့ သူမဟာ ၂၀၁၅ ခုနှစ်မှာပဲ သူမဖခင်အတွက် အမှတ်တရအနေနဲ့ Paul Walker Foundation ကို တည်ထောင်ပြီး ပရဟိတအလုပ်တွေ လုပ်ခဲ့ပါတယ်။


ပေါလ်ဝေါ်ကာဟာ ၂၀၀၁ ခုနှစ်ကတည်းက စတင်ပြသခဲ့တဲ့ နာမည်ကျော် Fast & Furious ဇာတ်လမ်းတွေမှာ ဘရိုင်ယန်အိုကော်နာ ဆိုတဲ့ ဇာတ်ကောင်နေရာက အစဉ်တစိုက်ပါဝင်ခဲ့ပါတယ်။ ပေါလ်ဟာ ၂၀၁၃ ခုနှစ်တုန်း က Furious 7 ဇာတ်လမ်း ရိုက်ကူးနေစဉ် ကာလအတွင်း ကားမတော်တဆမှုနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ရိုက်ကွင်းမှာ ဖြစ်တာမဟုတ်ဘဲ အပြင်မှာ သူငယ်ချင်းတစ်ယောက်မောင်းနှင်တဲ့ ပြိုင်ကားကို လိုက်စီးရင်းနဲ့ ကားမတော်တဆမှုဖြစ်ကာ ကွယ်လွန်ခဲ့တာပါ။ အဲဒီအချိန်မှာ သူ့အသက် ၄၀ ပဲ ရှိပါသေးတယ်။


ပေါလ်ဟာ မော်တော်ကားအမြန်မောင်းနှင်ခြင်းကို ဝါသနာထုံပြီး ပြိုင်ကားတွေကိုလည်း ခုံမင်နှစ်သက်လွန်းသူ ဖြစ်ပါတယ်။ သူသေခဲ့ရင်တောင် ကားမောင်းရင်းပဲ သေချင်တဲ့အကြောင်း ပြောခဲ့ဖူးတဲ့ ပေါလ်ဝေါ်ကာဟာ တကယ်ပဲ ကားမတော်တဆမှုနဲ့ သေဆုံးသွားခဲ့ရတာပါ။ ပေါလ်မကွယ်လွန်မီက သမီးဖြစ်သူနဲ့အတူ ချစ်စရာ ကောင်းတဲ့ ဓာတ်ပုံလေးတွေကို လူမှုကွန်ယက်မှာ တင်ခဲ့ဖူးတာကြောင့် အဲဒီကတည်းက သူတို့သားအဖအပေါ် ပရိသတ်တွေ အချစ်ပိုခဲ့ကြပါတယ်။


ပေါလ်ကွယ်လွန်ချိန်မှာတော့ ပရိသတ်တွေဟာ ပေါလ်အတွက်တင်မက သမီးဖြစ်သူအတွက်ပါ စိတ်မကောင်း ဖြစ်ခဲ့ကြရပါတယ်။ ဖခင်သေဆုံးပြီးနှစ်နှစ်အကြာမှာ ပရဟိတဖောင်ဒေးရှင်းတည်ထောင်ခဲ့တဲ့ မက်ဒိုဟာ ပင်လယ်ကိုချစ်တဲ့၊ တိရစ္ဆာန်ကို ကယ်ဆယ်ရေးလုပ်ရတာ ဝါသနာပါတဲ့၊ လူတွေကို ကူညီပေးရတာ သဘောကျ တဲ့ ဖခင်ဖြစ်သူရဲ့ ဝါသနာနဲ့ စိတ်ထားကို အမွေခံထားတဲ့အကြောင်း အင်စတာဂရမ်စာမျက်နှာမှာ ရေးတင်ခဲ့ဖူးပါတယ်။ ပေါလ်ဟာ သက်ရှိထင်ရှားရှိစဉ်ကတည်းက လူသားအကျိုးပြုလုပ်ငန်းတွေမှာ ကူညီပေးလေ့ရှိပါတယ်။


သူမဖခင်ရဲ့ ဆန္ဒတွေကို ကမ္ဘာပေါ်ကလူတွေနဲ့ မျှဝေခံစားချင်တဲ့ မက်ဒိုဟာ “သူ့ရဲ့ဆန္ဒကို တခြားသူတွေနဲ့အတူ မျှဝေချင်ပါတယ်” လို့လည်း လူမှုကွန်ယက်မှာရေးတင်ခဲ့ပါတယ်။ ရက်ရောသဘောကောင်းတဲ့ စိတ်ကောင်း နှလုံးကောင်းကို ပိုင်ဆိုင်ထားတဲ့ မက်ဒိုလေးဟာ သူမဖခင်ဂုဏ်ယူရမယ့် သမီးကောင်းရတနာလေးတစ်ယောက် ဆိုတာ လုံးဝသေချာပါတယ်။


by Cherry Mon


Ref; Good Times

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။