အတွေးလွန်ခြင်း ( overthinking ) ကနေ ဘယ်လိုရုန်းထွက်ကြမလဲ

Overthinking ဆိုတာ တကယ်တော့ anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်ခြင်းတစ်မျိုးပါပဲ။ တစ်ခုခုဖြစ်တော့မယ်၊ ငါ့မှာရောဂါတစ်ခုခုဖြစ်နေပြီ၊ ငါသေရတော့မယ် ဆိုပြီး အတွေးပေါင်းစုံခေါင်းထဲဝင်လာတာမျိုးပါ။

Overthinking က ဘာနဲ့တူလဲဆိုတော့ ...

အစပိုင်းမှာ ပြတင်းပေါက်၊ အိမ်ခေါင်မိုးနဲ့ကြမ်းကြားလေတိုးပေါက်ကနေ ခပ်ဖြည်းဖြည်းဝင်လာတဲ လေတစ်စ လိုပဲ။ ငြင်သာတယ်။ ဒါပေမယ့် သူ့ကိုစိတ်ထဲမှာလက်ခံလိုက်ပြီး အချိန်ကြာလာတာနဲ့အမျှ လေပြေလေးကနေ မုန်တိုင်းတစ်ခုလိုဖြစ်လာတတ်တယ်။ ခေါင်းထဲမှာ ဘာမှတွေးမရတော့လောက်အောင်၊ ဘာကိုကြောက်လို့ကြောက်မှန်းမသိတဲ့အကြောက်တရားမုန်တိုင်းကြီးတစ်ခုတိုက်ခတ်နေသလိုမျိုး။

အကျိုးဆက်က အရာအားလုံးကို ကြောက်ရွံ့လက်လျှော့ပြီး နောက်ဆုံးကျရင် ကိုယ့်ကိုကိုယ်သတ်သေသွားနိုင်လောက်တဲ့အထိ အကျိုးဆက်က ကြီးမားတယ်။ အဲဒါ Overthinking နဲ့ Anxiety တို့ရဲ့ဆက်နွယ်မှုပါပဲ။

Overthinking က အမျိုးသားတွေထက် အမျိုးသမီးတွေမှာပိုဖြစ်တာများတယ်။ အထူးသဖြင့် တစ်ယောက်တည်းမွေးထားတဲ့မိန်းကလေးတွေ၊ မိသားစုတာဝန်တွေမနိုင်မနင်းထမ်းထားရတဲ့သူတွေ၊ ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာရနေတဲ့သူတွေဆီမှာ မြင်ရတတ်တယ်။ Overthinking ဖြစ်တတ်တဲ့သူတွေအနေနဲ့ အရေးကြီးတာက တစ်လောကလုံးကို အကောင်းမြင်တတ်ဖို့ ပထမအရေးအကြီးဆုံးပါ။ အကောင်းမြင်စိတ်ရှိနေတာနဲ့အမျှ ခံစားရတဲ့ ပူပန်သောကတွေ တဖြည်းဖြည်းလျော့လာလိမ့်မယ် ဒါက ပဏာမသတိပေးချက်ပါ။  တကယ်လို့ စာဖတ်နေတဲ့သူက ကျွန်တော်ပြောတာတွေကို ခံစားနေရတယ်။ ဖြစ်နေတယ်ဆိုရင် အဲ့ဒီ Overthinking ဆီကနေ ရုန်းထွက်ဖို့ နည်းလမ်းတွေကျွန်တော်တတ်နိုင်သလောက်မျှဝေချင်ပါတယ်။

( ၁ ) သတိရှိပါ

Overthinking က ညင်သာတယ်။ သူက တံခါးမခေါက်ပဲဝင်လာတတ်တဲ့ဧည့်သည်ဆိုတော့ ကိုယ့်ဧည့်ခန်းထဲ သူမိန့်မိန့်ကြီးထိုင်နေတဲ့အခါကျမှပဲ ကိုယ်ကသိတတ်တာ။ အဲ့ဒီတော့ ကိုယ့်အနေနဲ့ စိတ်ပူစရာ၊ စိတ်ဓာတ်ကျစရာ၊ စိတ်ညစ်စရာဖြစ်ရပ်တွေနဲ့ကြုံလာတဲ့အခါတိုင်း ခေါင်းထဲကို မဖိတ်ခေါ်ထားတဲ့ဧည့်သည်တစ်ယောက် ရောက်လာမလာဆိုတာကို အမြဲတမ်းသတိပြုနေဖို့လိုပါတယ်။ တော်တော်များများက နောက်ကျမှသိတတ်တယ်။ အဲ့ဒီအခါ Overthinking က အမြစ်တွယ်စပြုနေပြီ။

( ၂ ) အတွေးမှားတွေကို ခေါင်းထဲကထုတ်ပစ်ဖို့ကြိုးစားပါ

Overthinking ဆိုတာ single emotion တစ်ခုဖြစ်တဲ့ အကြောက်တရားကပဲလာတာဖြစ်တယ်။ အဲ့ဒီအတွက် overthinking ဝင်လာပြီဆိုရင် ဘာကိုကြောက်လို့ကြောက်မှန်းမသိတာမျိုးတွေဖြစ်တတ်တယ်။ အများဆုံးကြောက်ကြတာကတော့ သေမှာ ကိုပဲ။ ထားပါတော့။ ကိုယ်က ရင်သားကင်ဆာအကြောင်းဖတ်ရင်းကနေ တိုက်ဆိုင်တာတစ်ခုခုနဲ့ကြုံလိုက်ရတဲ့အခါ ငါ့မှာများဖြစ်နေပြီလားဆိုပြီးတွေးတတ်ကြတယ်။ ဒီကြားထဲ ဟိုနားကနာ၊ ဒီနားကနာ ဆိုရင် သေချာပြီ၊ ငါ့မှာဖြစ်နေပါပြီ ဆိုပြီး တထစ်ချယုံကြည်လိုက်ကြတာပဲ။ တကယ်တော့ သင်ကိုယ်တိုင်ကိုက အတွေးတွေမှားယွင်းနေတာပါ။ အတွေးမှားတွေဖယ်ထုတ်ဖို့အတွက် စိတ်ကိုဒွိဟဖြစ်စေတဲ့အရာတွေ၊ အကြောက်တရားဖြစ်စေတဲ့ source တွေရဲ့ခေါ်ဆောင်ရာနောက်ကို မလိုက်မိဖို့ပဲလိုတယ်။

( ၃ ) ပျော်ရွှင်စေတဲ့အရာတွေနောက်ဆွဲခေါ်ပါ

Overthinking ဖြစ်လာပြီဆိုရင် သိသာတယ်။ မှောင်မဲမဲအခန်းလေးထဲမှာပဲနေချင်တယ်။ အိပ်ပဲအိပ်နေချင်တယ်။ ငါ့ခံစားချက်ကို ဘယ်သူမှနားလည်မပေးဘူးလို့ထင်တတ်တယ်။ အမှန်ပဲ။ သင်ကိုယ်တိုင်ပဲသိတဲ့ခံစားချက်ကို ဘယ်သူက နားလည်ပေးနိုင်မှာလဲ။ အဲ့တော့ ကိုယ့်စိတ်ပျော်ဖို့ကိုယ်ကိုတိုင်ပဲလုပ်ယူရမှာပါ။ Overthinking ရဲ့သဘောက ဘာမှမလုပ်ပဲထိုင်နေလေလေ၊ အတွေးပေါင်းစုံက နှိပ်စက်လေလေပဲ။ အဲ့ဒီတော့ သူငယ်ချင်းတွေနဲ့အပြင်သွားတာမျိုး၊ ဈေးဝယ်ထွက်တာ၊ ကစားကွင်းသွားတာ၊ စိတ်ပျော်ရွှင်စေမယ့်ရုပ်ရှင်လေးတွေကြည့်တာ၊ တရားထိုင်တာတွေနဲ့ စိတ်ကိုအာရုံပြောင်းလို့ရပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်ဝါသနာပါရာတစ်ခုခုကိုလုပ်ရင်း အာရုံလွှဲထားလို့ရပါသေးတယ်။

( ၄ ) အကောင်းဘက်ကလှည့်တွေးပါ

လူတွေကခက်တော့ခက်တယ်။ အကောင်းထက်စာရင် အဆိုးကိုပဲ ပိုပြီးတွေးချင်ကြတာမျိုး။ အဲ့တော့ overthinking ဝင်လာတဲ့အခါ အဆိုးဘက်ကိုပိုပြီးမြင်ကြတာမဆန်းပါဘူး။ မနက်ခင်းတစ်ခုမှာ နိုးလာတဲ့အခါ ကြည်လင်တဲ့ကောင်းကင်ကြီးကိုကြည့်ပြီး စိတ်ကြည်နူးလန်းဆန်းနေရမယ့်အစား စိတ်ဆင်းရဲရမယ့်နောက်တစ်ရက်ရောက်လာပြန်ပြီလို့တွေးကြတယ်။ အဲ့လိုမဟုတ်ပါဘူး။ နေ့သစ်တစ်ရက်ရှိနေတိုင်း သင်အသက်တစ်ရက်ရှင်နေသေးတယ်လို့ပဲတွေးပါ။ တစ်ခါတစ်လေ ကိုယ်လုပ်နိုင်တာဘာမှမရှိတဲ့အခါတိုင်း Better than nothing ဆိုတာကို သတိရပါ။ သင်စိတ်ဆင်းရဲရတာမှန်ပေမယ့် အသက်ရှင်ဖို့နေ့သစ်တွေရှိနေသေးတယ်လေ။

( ၅ ) ခြောက်ပစ်ကင်းသဲလဲစင်ဆိုတာမရှိပါဘူး

တစ်ချို့တွေရဲ့ overthinking က တစ်မျိုး။ ငါဘာမှဖြစ်မလာသေးဘူး၊ မိသားစုကို ကားမဝယ်ပေးနိုင်သေးဘူး၊ မထောက်ပံ့နိုင်သေးဘူး၊ တိုက်အိမ်ကြီးမဆောက်ပေးနိုင်သေးဘူး စသဖြင့် တွေးပြီးအားငယ်တတ်တာမျိုးပေါ့။ သင်က ရပ်နေတာမှမဟုတ်တာ။ ပြေးလမ်းပေါ်မှာပြေးနေတုန်း။ အရှိန်ယူနေတုန်းမို့လို့ပါ။ အရှိန်ရတာနဲ့ သင်ဖြစ်ချင်တာတွေဖြစ်လာမှာပါ။ အိမ်ကိုပိုက်ဆံလေး သုံးသိန်းလောက်ပဲပြန်ပေးနိုင်လို့အားမငယ်ပါနဲ့။ အမှိုက်ကောက်၊ ပုလင်းခွံတွေကောက်ပြီး အိမ်ရဲ့တစ်နေ့တာညစာကို ဖန်တီးနေရတဲ့သူတွေရှိသေးတယ်ဆိုတာ သတိရပါလေ။ ကိုယ့်ထက်မြင့်တဲ့သူတွေကိုမော့ကြည့်နေရင်တော့ ဇက်ညောင်းတာကလွဲလို့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဘုရားတောင် တစ်ကြိမ်တည်းနဲ့ နိဗ္ဗာန်ရောက်ဖို့အတွက် perfect ဖြစ်ခဲ့တာမှမဟုတ်တာ။

( ၆ ) အနာဂတ်ကိုခန့်မှန်းလို့မရဘူးဆိုတာ သဘောပေါက်ပါ

သင်က Spiritual Insight လို့ခေါ်တဲ့ သဗ္ဗညုတဉာဏ်ရနေတဲ့သူဆိုရင်တော့တစ်မျိုးပေါ့။ ဘယ်သူမှ အနာဂတ်မှာ ငါဘာကြီးဖြစ်လာမယ်ဆိုပြီး ခန့်မှန်းလို့မရပါဘူး။ သင့်ကိုဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုပြီးဟောနေတဲ့ ဗေဒင်တွေဆိုတာက တကယ်တမ်းတော့ အထင် နဲ့ အမြင်ကိုပေါင်းစပ်ပြီး ခပ်ဝါးဝါးပြောနေတဲ့အရာတွေဆိုတာ နားလည်ဖို့လိုပါတယ်။ အဲ့ဒီလိုပဲ သင့်ခေါင်းထဲမှာ စိတ်ပူပြီးတွေးနေတဲ့အတွေးတွေက သင်ထင်သလိုဖြစ်ချင်မှဖြစ်လာမယ်၊ ဒါမှမဟုတ် ဖြစ်ချင်လည်းဖြစ်မယ်။ ဒါပေမယ့်ဘာအရေးလဲ .. သင်ဒီနေ့တစ်ရက်ကို ကောင်းကောင်းမွန်မွန်အသက်ရှင်နေတယ်။ ကြည်ပြာရောင်ကောင်းကင်ကြီးအောက်မှာ လမ်းလျှောက်နေတယ်။ လတ်ဆတ်တဲ့လေကို ရှုရှိုက်နေရသေးတယ်။ ဒါဆိုတော်ပြီပေါ့။

( ၇ ) အရှိတရားနဲ့ဖြစ်တည်မှုကိုလက်ခံပါ

သင့်ရဲ့ဖြစ်တည်မှုဟာ ဘယ်သူ့ကိုမှမထိခိုက်ဘူး။ ကျွန်တော်ပြောတာကိုယုံပါ။ တစ်ခါတစ်လေ သင့်ခေါင်းထဲမှာတွေးနေတဲ့ အတွေးတွေရဲ့ တစ်ဖက်ခြမ်းဆိုတာ အမှန်တွေချည်းပဲ။ သင်ဟာ ပြဒါးသုတ်ထားတဲ့မှန်တစ်ချပ်ကိုကြည့်နေသလို၊ သင်နဲ့ လှပတဲ့ပတ်ဝန်းကျင်ကြားထဲမှာ နံရံကြီးတစ်ချပ်ခြားနေသလိုမျိုးဖြစ်နေတာ။ သင်အမှန် နဲ့ အရှိတရားကိုမမြင်ပဲ စိုးရိမ်ပူပန်စိတ်တွေနဲ့ရှင်သန်နေသမျှတော့ အဲ့ဒီအလှအပတွေကိုခံစားတတ်မှာမဟုတ်ဘူး။ အရှိအတိုင်းလက်ခံတတ်ဖို့ သင့်ခေါင်းကိုတတ်နိုင်သမျှရှင်းပြီး negative thought တွေကို ဖယ်ထုတ်ဖို့လိုတယ်။

ကျွန်တော်ပြောတဲ့အရာတွေက ခက်ခဲကောင်းခက်ခဲမယ်။ ကျွန်တော်လည်း လွယ်ပါတယ်လို့မပြောခဲ့ဘူး။ အားလုံးက လုပ်ယူရတာချည်းပဲ။ အဲ့ဒီအတွက် သင်လိုအပ်သမျှကတော့ စိတ်ကိုအနားပေးတဲ့နည်း နဲ့ စိတ်ပျော်အောင်ထားတဲ့နည်းပါ။ အထူးသဖြင့် overthinking ဝင်လာပြီဆိုတာနဲ့ negative thought တွေပါ လိုက်လာတတ်တာမို့လို့ လှုပ်လှုပ်ရှားရှားနဲ့ active ဖြစ်စေမယ့်အရာတွေဆီ ဦးတည်သွားဖို့လိုတယ်။ ကိုယ်ကိုတိုင်လည်းကျင့်၊ တတ်ကျွမ်းတဲ့ပညာရှင်တွေနဲ့လည်းတိုင်ပင်၊ စိတ်ကိုလည်း အနားပေး အဲ့ဒီ key သုံးချက်ဆုံပြီဆိုရင်တော့ သင်ဟာ Overthinking ကို တဖြည်းဖြည်းချင်းတိုက်ထုတ်သွားနိုင်မှာပါ။

ဘာအကြောင်းကြောင့်မှ Overthinking အဝင်မခံပါနဲ့။ ပျော်အောင်နေပါ။ အကောင်းမြင်ပါ။ အရှိအတိုင်းကိုလက်ခံပါ။ သင်ဟာ သင်ပဲမို့လို့ တခြားသူတွေရဲ့ အပူတွေ၊ ဝန်ထုပ်ဝန်ပိုးတွေကိုပါ လိုက်ထမ်းနေစရာမလိုပါဘူး။ တတ်နိုင်သလောက်လွှတ်ချခဲ့ဖို့လိုပါတယ်။

Gabriel
Source - inc.com



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။