သင့်ကို ဝက်ခြံပေါက်စေတဲ့ အဆိုးဆုံး အစားအသောက် ၆ မျိုး

ဒီ article ကို ဆက်မဖတ်မီ သင်ဟာ အစားအသောက်နဲ့ ဝက်ခြံ ဆက်စပ်မှုရှိတယ်ဆိုတဲ့ အချက်ကိုတော့ လုံးဝလက်ခံထားဖို့လိုပါလိမ့်မယ်။ တကယ်လည်း အစားအသောက်နဲ့ ဝက်ခြံတွေရဲ့ ဆက်စပ်မှုကို သုတေသနပေါင်း မြောက်များစွာက သက်သေပြခဲ့ပြီးဖြစ်ပါတယ်။ သင်ဟာ အိပ်ရေးဝအောင်အိပ်တယ်၊ ရေများများသောက်တယ်၊ နောက်ပြီး skin care တွေလည်း ကောင်းကောင်းသုံးရဲ့သားနဲ့ ဝက်ခြံတွေက မပျောက်ဘူးဆိုရင်တော့ အဓိက တရားခံဟာ ဒီ အစားအစာတွေကြောင့်ဆိုတာ ချွင်းချက်မရှိ ယုံလိုက်ပါ။

၁။ ဖြူအောင်ဖွတ်ထားတဲ့ အစေ့အဆန်နဲ့ ပြုပြင်ထားတဲ့သကြားတွေ

ဖွေးဆွတ်နေအောင် ဖွတ်ထားတဲ့ ဆန်နဲ့ ဂျုံတွေဟာ သင့်ကို ဝက်ခြံမပြတ်ဖြစ်စေတဲ့ အခြေခံ အချက်တွေပါပဲ။

Refined Grains အုပ်စု တွေထဲမှာဆိုရင် ပေါင်မုန့်ဖြူဖြူနုနုလေးတွေ၊ ဆန်ခေါက်ဆွဲနဲ့ pasta လို အစားအစာတွေတောင်ပါဝင်နေပါတယ်။ ပြုပြင်ထားတဲ့သကြားဆိုတာကတော့ gas ပါတဲ့ အချိုရည်တွေ၊ အားဖြည့်အချိုရည်တွေနဲ့ ဂျယ်လီလို အစားအစာတွေ ပါဝင်ပါတယ်။

ဒီအစားအသောက်တွေဟာ သွေးတွင်း သကြားဓါတ်နဲ့ ဖိုဟော်မုန်းဓါတ်ကို မြင့်တက်စေတာကြောင့် အရေပြားကို အဆီပိုထွက်စေပြီး သင့်မျက်နှာပေါ်မှာ အဆီဖုလေးတွေ ဖြစ်ပေါ်လာစေတော့တာပါ။

၂။ နို့နဲ့ နို့ထွက်အစားအစာတွေ

မြောက်များစွာသော သုတေသနတွေအရ နို့နဲ့ နို့ထွက် အစားအစာတွေဖြစ်တဲ့ နွားနို့၊ ဒိန်ခဲ၊ မလိုင် ၊ ရေခဲမုန့် စတာတွေ စားသုံးတဲ့သူတွေမှာဆိုရင် မစားတဲ့သူတွေထက် ဝက်ခြံထွက်နှုန်း ၄ဆလောက်တောင် ပိုများပါသတဲ့။အထူးသဖြင့် နွားနို့ဟာဆိုရင် insulin level ကို မြင့်တက်စေရုံသာမက၊ သူ့မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာ ဝက်ခြံထွက်စေတဲ့ IGF-1 ဆိုတာကိုလည်း အသည်းကနေ ပိုထုတ်လုပ်ပေးဖို့ လှုံ့ဆော်ပေးတဲ့အတွက်ကြောင့်ပါတဲ့။

၃။ fast food တွေ

အာလူးကြော်၊ ဟော့ဒေါ့ နဲ့ ဘာဂါတွေကြောင့်လည်း သင့်ကို ဝက်ခြံ ဆိုးဆိုးရွားရွားထွက်စေနိုင်ပါသေးတယ်။ ဘာလို့လဲဆိုတော့ ဒီအစားအစာတွေဟာ အဆီတွေ အများကြီးပါလေ့ရှိတာကြောင့် ကယ်လိုရီတွေတက်စေပြီး ဝက်ခြံတွေလည်း ထွက်ပြီးရင်းကို ထွက်နေစေမှာပါ။

၄။ ချောကလက်

အံ့သြစရာပါပဲ။ ချောကလက်ကလည်း ဝက်ခြံထွက်စေတဲ့ ထိပ်တန်းအစား အစာတွေထဲမှာ ပါနေပါသေးတယ်။ အရင်တုန်းကတော့ dark chocolate တွေဟာ ဝက်ခြံမထွက်စေဘူးလို့ ဆိုခဲ့ကြပေမဲ့ အခုနောက်ဆုံး လေ့လာမှုတွေအရ ချောကလက်မှာ အဓိကပါဝင်တဲ့ ကိုကိုးပေါင်ဒါကိုက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တစ်ဖက်တစ်လမ်းက အားပေးအားမြှောက် လုပ်နေတာပါတဲ့နော်။ ကဲ. . . ဒါဆို ချောကလက်လည်း ရှောင်ရတော့မှာပေါ့။

၅။ Whey Protein Powder

gym ကစားတဲ့သူတွေ သောက်နေကြတဲ့ ဖြည့်စွက်အဟာရမှုန့်ကလည်း ဝက်ခြံထွက်စေတဲ့ အထဲမှာ နံပါတ် ၅ နေရာက ဗိုလ်စွဲထားပါတယ်။ Protein Powder မှုန့်မှာ ပါဝင်တဲ့ အမိုင်နိုအက်ဆစ်တွေဟာလည်း အင်ဆူလင်ဓါတ်တွေကို မြင့်တက်စေပြီး သင့်ကို ဝက်ခြံတွေနဲ့ အဆက်မပြတ်စေဖို့ ဒုက္ခလှလှပေးနေဦးမှာပါ။

၆။ ထူးထူးခြားခြား ကိုယ်နဲ့ မတည့်တဲ့ အစားအသောက်တွေ. . .

တချို့လူတွေဟာ အစားအသောက်တွေနဲ့ တော်တော်ကို sensitive ဖြစ်ပါတယ်။ ဥပမာ ပင်လယ်စာတွေ၊ ကျပ်တိုက်ထားတဲ့အစားအစာတွေနဲ့ မြေပဲလိုဟာမျိုးတွေ စားမိလို့ အလာ့ဂျစ်ဖြစ်တတ်တဲ့သူတွေအနေနဲ့ ကိုယ်နဲ့ မတည့်တဲ့အစားအစားတွေကို လုံးဝရှောင်ကြည်ဖို့ လိုအပ်ပါတယ်။ မတည့်တာတွေ စားမိလို့ အလာ့ဂျစ်ဖြစ်တာက ခဏဆိုပေမယ့် အကျိုးဆက်အနေနဲ့ကတော့ ဝက်ခြံတွေကို လပေါင်းများစွာ အထိ ဆက်ထွက်နေစေဦးမှာပါ။

ဒီလောက်ဆိုရင် ဝက်ခြံကြောင့်စိတ်ညစ်နေရတဲ့သူတွေအနေနဲ့ လုံးဝ လုံး၀ ရှောင်ကျဉ်သင့်တဲ့ အစားအသာက်တွေ သိလောက်ပြီလို့ ထင်ပါတယ်။ တကယ်ရှောင်ရင်တော့ တကယ်ပျောက်မှာ သေချာပါတယ်။ ပြီးပြည့်စုံတဲ့ အလှကို ပိုင်ဆိုင်ဖို့ဆိုရင် ဒီလောက်လေးတော့ ရှောင်ကျဉ်သင့်တယ်မဟုတ်လား. . . ။

Writer – June Nine Aung

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။