သူများအိမ်ကို စပ်စုရင်း သံတိုင်ကြားခေါင်းညှပ်သွားခဲ့တဲ့ အမျိုးသမီးရဲ့ရယ်စရာအဖြစ်

လူတိုင်းလိုလို မတော်တဆထိခိုက်မှုလေးတွေ ဖြစ်ဖူးကြပါတယ်။ ငိုအားထက် ရယ်အားသန်တဲ့ မတော်တဆမှု တွေလည်း ဖြစ်ဖူးကြမှာပါ။ ကိုလံဘီယာမှာရှိတဲ့ La Virginia မြို့က စပ်စုတတ်တဲ့ အမျိုးသမီးတစ်ယောက် ကတော့ သူ့အိမ်နီးချင်းအိမ်တစ်အိမ်ကို သံတိုင်တံခါးကနေ ချောင်းကြည့်ရင်းနဲ့ သံတိုင်ကြားမှာ ခေါင်းညှပ်သွားခဲ့ ပါတယ်။ မသိအောင် ခိုးကြည့်ကာမှ လူမိသွားတဲ့ ငိုရခက် ရယ်ရခက် အဖြစ်အပျက်ပါပဲ။


အဲဒီအမျိုးသမီးဟာ သူမရဲ့ အိမ်အနီးနားက အိမ်တစ်အိမ်ကို စပ်စုဖို့အတွက် အဲဒီအိမ်ရဲ့ရှေ့က သံတိုင်တံခါးထဲ ခေါင်းတိုးဝင်ပြီး အိမ်ထဲက အသံဗလံတွေကို ခိုးနားထောင်ဖို့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီကနေ လျှို့ဝှက်ချက်တစ်ခုခုသိခဲ့ရရင် သူမအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြန်ပြောနိုင်မယ်လို့ ယုံကြည်ထားဟန် တူပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ စပ်စုချင်တုန်းက တံခါးသံတိုင်ကြားထဲ ခေါင်းဝင်သွားခဲ့ပေမဲ့ ပြန်ထုတ် တဲ့အခါမှာတော့ သံတိုင်ကြားထဲ ခေါင်းတစ်ပြီး ပြန်ထွက်မရ ဖြစ်ခဲ့တာပါ။


အမျိုးသမီးဟာ သူမဘာသာ ကြိတ်ပြီး ခေါင်းကိုပြန်ထုတ်ဖို့ အားကုန်ကြိုးစားပေမဲ့ အဆင်မပြေခဲ့ပါဘူး။ အဲဒါကြောင့် မတတ်သာတော့ဘဲ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံခဲ့ရပါတော့တယ်။ နောက်ဆုံးမှာ သူမရဲ့ ခေါင်းကို တံခါးသံတိုင်ကြားကနေ ထုတ်ဖို့အတွက် မီးသတ်တပ်ဖွဲ့ကိုခေါ်ပြီး အကူအညီတောင်းရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။


မီးသတ်တပ်ဖွဲ့ဟာလည်း အမျိုးသမီးရဲ့ ရှက်စရာအခြေအနေနဲ့ အကြပ်အတည်းကနေ ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမဲ့ အဲဒီသံဘားတန်းတွေကြားကနေ သူမခေါင်းကို ဆွဲထုတ်ဖို့အတွက် အချိန် ၅ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့် အခုလို ခေါင်းကိုဆွဲထုတ်ဖို့ ခက်ခဲနေတာလည်းဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ တချို့ကတော့ မီးသတ်သမားတွေဟာ အဲဒီအမျိုးသမီးရဲ့ ငိုရခက် ရယ်ရခက်အခြေအနေ ကို ကြည့်ရင် မရယ်မိအောင် ကြိုးစားနေရလို့လည်း အရွှန်းဖောက်ကြပါတယ်။


ကံအားလျော်စွာဘဲ သံဘားတန်းကြားကနေ သူမရဲ့ခေါင်းကို ထုတ်လို့ရသွားပေမဲ့ မီးသတ်သမားတွေ သူမရဲ့ ခေါင်းကို ထုတ်ဖို့ ကြိုးစားနေတဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ လူတွေကလည်း အတော်လေး ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ တချို့ကလည်း သူများ အကြောင်းကို စပ်စုဖို့ကြိုးစားခဲ့လို့ ဒဏ်ခတ်ခံရတာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့ကြပါတယ်။ စပ်စုတတ်သူတွေ အတွက်တော့ သင်ခန်းစာယူစရာပါပဲ။


အဲဒီအမျိုးသမီးအနေနဲ့တော့ သံဘားတန်းကြားကနေ လွတ်မြောက်ပြီးနောက်မှာ ဘယ်လိုဆက်ဖြစ်သွားသလဲ ဆိုတာကို မသိရပေမဲ့ သေချာတာကတော့ သူမအတွက် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုမျိုးတော့ အကြီးအကျယ် မရှိနိုင်ပါဘူး။ ဒါ့ပြင် သူမအနေနဲ့ အခုအဖြစ်အပျက်ကို သင်ခန်းစာယူပြီး အိမ်နားချင်းတွေအကြောင်း အတင်းအဖျင်းပြောဆိုတတ်တဲ့ အကျင့်ကို ပြင်ဆင်နိုင်မယ်လို့ မျှော်လင့်ရပါတယ်။


by Cherry Mon


Ref; Elite Readers


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။