အမျိုးသမီးတိုင်း အမြဲ ဆောင်ထားသင့်တဲ့ သခွားသီး

သခွားသီးဟာ စားစရာသက်သက်မဟုတ်ပါ။ အမျိုးသမီးတွေအတွက်ဆိုရင်တော့ တခြား အသုံးဝင်တဲ့ အချက်တွေအများကြီးရှိနေပါသေးတယ်။ 

သခွားသီးမှာ ပါဝင်တဲ့ ဗီတာမင်တွေနဲ့ ကြွယ်ဝတဲ့ရေဓါတ်တွေကြောင့် သခွားသီးကို ရှေးယခင်တည်းကနေ ယနေ့ထက်တိုင်အောင် ကျန်းမာရေးနဲ့ အလှအပရေးရာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာပါ။ တစ်နည်းပြောရရင် သခွားသီးက အမျိုးသမီးတွေရဲ့ ဘဝကို ပြီးပြည့်စုံစေတဲ့ အသီးအနှံတစ်ခုဆိုရင်လည်း မှားမယ်မထင်ပါဘူး။ We ရဲ့ ပရိတ်သတ်တွေအတွက် အမျိုးသမီးတွေအနေနဲ့ သခွားသီးကို ဘာကြောင့် အမြဲဆောင်ထားသင့်တယ်ဆိုတဲ့ အချက်လေးတွေ ပြောပြမယ်နော်. . .။

ရေဓါတ်ဖြည့်တင်းပေးနိုင်ခြင်း

အမျိုးသမီးတစ်ယောက်အနေနဲ့ အသားအရည် ဝင်းမွတ် လှပစေဖို့ အဓိကအကျဆုံး အချက်ကတော့ အရေပြားမှာ ရေဓါတ်ပြည့်ဝနေဖို့ပါ။ သခွားသီးဟာ ရေဓါတ်ပါဝင်မှု မြင့်မားရုံသာမက လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်အရေးပါတဲ့ electrolyte တွေလည်း ကြွယ်ဝစွာ ပါဝင်ပါသေးတယ်။ ရေဓါတ်လိုအပ်တဲ့ နွေရာသီလိုမျိုး (ဒါမှမဟုတ်) workout လုပ်ပြီးကာစ အခြေအနေမျိုးမှာ သခွားသီးတစ်လုံးလောက် စားပေးခြင်းက သင့်အတွက် လိုအပ်တဲ့ ရေဓါတ်နဲ့ electrolyte % အတော်များများကို ဖြည့်တင်းပေးနိုင်ပါတယ်။ သောက်မယ့်ရေထဲကို သခွားသီး နဲ့ ပူစီနံရွက် ထည့်သောက်တာကလည်း ခန္ဓာကိုယ်ကနေ ရေဓါတ်ကို ပိုမို စုပ်ယူနိုင်စေပါသေးတယ်။

အရိုးများကို ကျန်းမာစေခြင်း

အမျိုးသမီးတွေဟာ အသက်ကြီးလာတဲ့အခါမှာ အမျိုးသားတွေထက် အရိုးပွ အရိုးကျိုးနိုင်ခြေပိုများပါတယ်။ တော်တော်များများကတော့ သိပြီးဖြစ်မှာပါ။ အရိုးကျန်းမာရေးအတွက် အဓိက အရေးပါတာကတော့ calcium ပါ။ အစားအစာတွေမှာ ပါဝင်တဲ့ calcium ဓါတ်ကို ခန္ဓာကိုယ်က စုပ်ယူနိုင်စေဖို့ ဗီတာမင် K မရှိမဖြစ်လိုအပ်ပါတယ်။ သခွားသီးမှာ ကြွယ်ဝစွာ ပါဝင်နေတဲ့ ဗီတာမင် K ကတော့ ဒီပြဿနာတွေကနေ သင့်ကို ကာကွယ်ပေးပါလိမ့်မယ်။ သခွားသီးဟာ အမျိုးသမီးတွေအတွက်တော့ အသက်ကြီးတဲ့ အထိကို စားသွားရမယ့် အသီးအနှံတစ်ခုဆိုရင် မှားမယ်မထင်ပါဘူးနော်။

ကင်ဆာဆဲလ်များကိုထိန်းချုပ်ပေးနိုင်ခြင်း

အခုခေတ်မှာ ကင်ဆာရောဂါအမျိုးမျိုးဟာ ဆိုရင်လည်း အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ အဖြစ်များလှပါတယ်။ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ စသည်ဖြင့် ကင်ဆာရောဂါတွေကလည်း အမျိုးသမီးတွေရဲ့ ဘဝကို ခြိမ်းခြောက်လျက်ရှိပါတယ်။ သခွားသီးမှာ ပါဝင်တဲ့ cucurbitacins ဆိုခေါ်တဲ့ အကျိုးပြုအဟာရတွေဟာ ကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကို ကောင်းစွာ ထိန်းချုပ်နိုင်ရုံသာမက အနည်းငယ်သော ကင်ဆာဆဲလ်တွေကိုဆိုရင် ကောင်းကောင်းသတ်ပစ်နိုင်ပါတယ်။ cucurbitacins တွေသာမက antioxidant တွေဖြစ်တဲ့ ဗီတာမင် A,B,C,D,E တွေလည်း ပါဝင်တာကြောင့် သခွားသီးဟာ ကင်ဆာထိန်းချုပ်ရေးလက်နက်အဖြစ် ထင်ရှားလာပါတော့တယ်။

နှလုံးသွေးကြောနှင့်ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ခြင်း

သခွားသီးမှာ အမျှင်ဓါတ်တွေအပြင် ပိုတက်ဆီယမ်နဲ့ မဂနီဆီယမ်တွေလည်း  ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး cucurbitacins တွေကတော့ နှလုံးသွေးကြော အဆီပိတ်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းကြောင့် ဖြစ်လေ့ရှိတဲ့ အဆီပိတ်တာတွေကို သခွားသီးပုံမှန်စားပေးခြင်းဖြင့် ကာကွယ်လိုက်ပါ။

ဆီးချိုရောဂါကို ထိန်းချုပ်ပေးခြင်း

သခွားမျိုးနွယ်ဝင်တွေမှာ ပါဝင်တဲ့ Cucurbita ficifolia ဆိုတဲ့ ဓါတ်တစ်မျိုးက သွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်ပေးနိုင်တယ်လို့ ဆိုပါတယ်။ သခွားသီးပုံမှန်စားပေးရင် ဆီးချိုရောဂါဖြစ်နိုင်ခြေကို 30% အထက် လျော့ကျစေမှာပါတဲ့။

အသားအရေအတွက် အထူးကောင်းမွန်ခြင်း

အသားအရေနဲ့ ပတ်သက်လာရင် သခွားသီးဟာ ရောင်ရမ်းမှုကို သက်သာစေတဲ့နေရာမှာ နာမည်ကြီးလှပါတယ်။ သခွားသီးကို ပါးပါးလှီးပြီး အရေပြားပေါ် တိုက်ရိုက် ကပ်ပေးမယ်ဆိုရင်တော့ ရောင်ရမ်းခြင်း၊ နီရဲ ယားယံခြင်းနဲ့ နေလောင်ခြင်းတွေကို အကောင်းဆုံး ကုသပေးနိုင်ပါတယ်။

သခွားသီးကို ကြိတ်ခြေ အရေစစ်ပြီး မျက်နှာပေါ်လိမ်းပေးပါ။ မိနစ် ၃၀ ခန့်ထားပြီး ရေပြန်ဆေးလိုက်မယ်ဆိုရင် 

ကျယ်နေတဲ့ ချွေးပေါက်တွေကိုတောင် ကျဉ်းသွားစေနိုင်ပါသတဲ့။ အသားအရေခြောက်သွေ့ပြီး

ဆားဝက်ခြံရှိတဲ့သူတွေကတော့ သခွားရည်ကို ဒိန်ချဉ်လေးနဲ့ ရောပြီး ပေါင်းတင်ပေးတာက ကမ္ဘာပေါ်မှာ အကောင်းဆုံး မျက်နှာပေါင်းတင်ဆေးပါပဲတဲ့။ ကဲ . . .ဒီလောက် အကျိုးကျေးဇူးတွေ များလှတာ သိပြီဆိုရင်တော့ အမျိုးသမီးတွေ အနေနဲ့ ဈေးသွားတိုင်း သခွားသီး ဝယ်ဖြစ်အောင်ဝယ်ခဲ့ဖို့ မမေ့နဲ့တော့နော်. . .။

သခွားသီးကြောင့် ပိုမိုကျန်းမာ ပျော်ရွှင်တဲ့ ဘဝတွေ ပိုင်ဆိုင်နိုင်ကြပါစေ. . . .

Writer – June Nine Aung

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။