စံပယ်ပန်းကြော်

စံပယ်ပန်းကို ကြော်စားလို့ရတယ်ဆိုတာ သင်သိပါသလား။ မြန်မာပြည်မှာတော့ စံပယ်ပန်းကို ဟင်းအဖြစ် ချက်ပြုတ်စားသောက်တဲ့ အလေ့အထ မရှိကြပါဘူး။ ဒါပေမဲ့ ယူနန်ပြည်နယ်ထဲမှာ နေထိုင်ကြတဲ့ ရှမ်းလူမျိုးတွေကတော့ ပန်းမျိုးစုံကို မုန့်ပဲသရေစာ၊ ဟင်းလျာများအဖြစ် ချက်ပြုတ်စားသောက်တတ်ကြပါတယ်။

အဲဒီထဲကမှ နှင်းဆီပန်းကို ဌာပနာထားတဲ့မုန့်နဲ့ စပယ်ပန်းဟင်းလျာတို့ဟာလည်း ယူနန်ပြည်နယ်ရဲ့ နာမည်ကျော် ပန်းနဲ့လုပ်တဲ့ အစားအစာမှာ အပါအဝင်ဖြစ်ပါတယ်။

စံပယ်ပန်းဆိုတာထက် စံပယ်ဖူးဆိုရင် ပိုပြီးမှန်ပါမယ်။ 

အဲဒီအဖူးလေးတွေကို ကြက်သွန်ဖြူ၊ ကျို့ဆိုင်ရွက်၊ ငရုပ်သီးတို့နဲ့ ဟင်းတစ်ခွက်အဖြစ် ကြော်လှော်ထားတာပါ။

ကြွက်နားရွက်မှိုနဲ့လည်း ကြော်စားကြသလို ကြက်ဥနဲ့ ကြော်စားကြတာမျိုးလည်း ရှိပါတယ်။ ထမင်းကြော်ထဲထည့်ကြော်တာကတော့ အနောက်နိုင်ငံတွေအထိ နာမည်ကြီးလှပါတယ်။

စံပယ်ပန်းတွေကို အခြောက်ခံပြီး ရေနွေးကြမ်းအဖြစ် သောက်ကြတာကတော့ ဒီကလူတွေ အတော်များများ ရင်းနှီးနေပြီး ဖြစ်မှာပါ။ ယူနန်ပြည်နယ်ထွက် Jasmine tea ကတော့ လ္ဘက်ခြောက်ကောင်းကောင်း၊ စံပယ်ပန်းနံ့မွှေးမွှေးနဲ့မို့ နာမည်ကြီးလှပါတယ်။

ဒါကတော့ ကျွန်တော်တို့ဆီမှာ မစားဖြစ်ကြတဲ့ အစားအသောက် အထူးအဆန်းလေးကို ဗဟုသုတအဖြစ် ပြန်လည်မျှဝေတာ ဖြစ်ပါတယ်။ အိမ်မှာ စံပယ်ပန်း စိုက်ထားသူတွေလည်း ဟင်းတစ်ခွက်အဖြစ်အသုံးချလို့ရတာမို့ တစ်ခါတလေ ထူးထူးဆန်းဆန်းလေး ချက်စားကြည့်ကြဖို့ ဖော်ပြလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။