မြန်မာနိုင်ငံက နွမ်းပါးတဲ့ကျောင်းသားငယ်တွေအတွက် စက်ဘီးတွေလှူဒါန်းမည့် လုပ်ငန်းရှင်တစ်ဦး

စင်္ကာပူနိုင်ငံမှာ ဖျက်သိမ်းလိုက်ပြီဖြစ်တဲ့ စက်ဘီအငှားကုမ္ပဏီတွေဖြစ်ကြတဲ့ ofo နဲ့ oBike တို့က စက်ဘီးတွေကို စွန့်ပစ်ဖျက်ဆီးမယ့် အစား ပြန်လည်ဝယ်ယူပြီး မြန်မာနိုင်ငံက လိုအပ်နေတဲ့ ကျောင်းသားလူငယ်တွေကို လှူဒါန်းသွားမယ့်အကြောင်း ဇွန် ၄ ရက်နေ့က စင်္ကာပူနိုင်ငံရဲ့ The Straits Time သတင်းစာမှာ ဖော်ပြထား ပါတယ်။ အဲဒီစက်ဘီးတွေကို မြန်မာနိုင်ငံရဲ့ Non-profit အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Lesswalk က ပြီးခဲ့တဲ့ ဧပြီ ကတည်းက ဝယ်ယူခဲ့တာ ဖြစ်ပြီး ဇွန်လအကုန်ကစလို့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသား လူငယ်တွေဆီ ပေးအပ် သွားမှာ ဖြစ်ပါတယ်။


စင်္ကာပူနဲ့ မလေးရှားနိုင်ငံတို့မှာ ဖျက်သိမ်းလိုက်တဲ့ ofo နဲ့ oBike စက်ဘီးအငှားကုမ္ပဏီတွေကို ဖျက်သိမ်းပြီးတဲ့ နောက်မှာ အသုံးမပြုဘဲ ကျန်နေခဲ့တဲ့ စက်ဘီးတွေကို ဂိုဒေါင်ထဲမှာ သိမ်းဆည်းထားတဲ့ Third party လုပ်ငန်း တစ်ခုဆီကနေ ပြန်လည် ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ စက်ဘီးတွေကို ဝယ်ယူခ၊ တင်ပို့ခနဲ့ ပြန်လည်မွမ်းမံ တဲ့ စရိတ်ဟာ စုစုပေါင်းအနေနဲ့ အမေရိကန်ဒေါ်လာ သုံးသိန်းခွဲကနေ လေးသိန်းကြား ရှိပါတယ်။ အဲဒီစရိတ်ရဲ့ တစ်ဝက်ကို စပွန်ဆာတွေက မျှဝေကျခံပေးမယ်လို့ မျှော်လင့်ရပြီး ကျန်တစ်ဝက်ကိုတော့ Lesswalk က ကျခံသွားမယ်လို့ သိရပါတယ်။


ဝယ်ယူထားတဲ့ စက်ဘီးစီးရေ တစ်သောင်းထဲက စီးရေ သုံးထောင်ကျော် မြန်မာနိုင်ငံကို ရောက်ရှိနေပြီ ဖြစ်ပြီး ကျန်တဲ့စက်ဘီးတွေ ကတော့ အခုလအကုန်မှာ ရောက်ရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ၂၀၁၉ ခုနှစ် အကုန်မှာ တော့ စက်ဘီးအားလုံးကို အပြီးလှူဒါန်းသွားဖို့ စီစဉ်ထားပါတယ်။ အဲဒီစက်ဘီးတွေကို ကျေးလက်ဒေသတွေက အသက် ၁၃ နှစ်နဲ့ ၁၆ နှစ်ကြား ကျောင်းသားကလေးငယ်တွေကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ပြီး ကျောင်းနဲ့ ၂ ကီလိုမီတာအဝေးမှာ နေထိုင်တဲ့ ကျောင်းသားတွေကို အဓိကဦးစားပေးမှာလည်း ဖြစ်ပါတယ်။


Lesswalk တည်ထောင်သူ အသက် ၃၃ နှစ်အရွယ် Mike သန်းထွန်းဝင်းဟာ စင်္ကာပူနိုင်ငံမှာ ကျောင်းသား တစ်ယောက်အဖြစ် ၁၈ နှစ်နီးပါး နေထိုင်ခဲ့သူ ဖြစ်ပြီး အခုဆိုရင် ရန်ကုန်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ဇွန် ၄ ရက်နေ့က Straits Times နဲ့ ဖုန်းအင်တာဗျူးတစ်ခုမှာတော့ ကိုသန်းထွန်းဝင်းဟာ အခုလိုလှူဒါန်းမယ့် အကြံကို လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက ရခဲ့တာဖြစ်ပြီး အခုနှစ် မတ်လမှာ စတင်အကောင်အထည်ဖော် ခဲ့တာလို့ ဆိုပါတယ်။ “မြန်မာနိုင်ငံက တချို့ကလေးတွေဟာ ကျောင်းကို တစ်နာရီလောက် လမ်းလျှောက်ကြရပါတယ်။ အများစုဟာဆိုရင် ကျောင်းကားလည်းမရှိကြပါဘူး၊ ကျောင်းကားဆိုတာ ဘာလဲတောင် မသိကြပါဘူး” လို့လည်း ဆိုပါတယ်။


အခုလို အသုံးမပြုတော့ဘဲ တစ်ပတ်ရစ်စက်ဘီးတွေကို ပြန်လည်ဝယ်ယူလှူဒါန်းခြင်းဟာ အလဟဿဖြစ်မယ့် ပြဿနာကို ဖြေရှင်းပြီးသားဖြစ်သလို လိုအပ်နေတဲ့ ကလေးတွေအတွက်လည်း စက်ဘီးသစ်ကို သက်သက် သာသာနဲ့ ရရှိတဲ့အချက်ဟာ အဓိကပါပဲလို့လည်း သူကဆိုပါတယ်။ ဒါ့ပြင် “ဒီစက်ဘီးတွေဟာ အမှန်တကယ် လိုအပ်နေပြီး ပိုမိုကြိုးစားနိုင်စွမ်းရှိတဲ့ ကျောင်းသားတွေအတွက်တော့ သူတို့ရဲ့အချိန်ကို ၈၀ ရာခိုင်နှုန်းလောက် ပိုသက်သာစေပါတယ်” လို့လည်း ဆိုပါတယ်။
ကျောင်းသားတွေအနေနဲ့ သူတို့ရဲ့မောင်နှမတွေကို စက်ဘီးပေါ်တင်ခေါ်လို့ရအောင် စက်ဘီးတွေမှာ အပိုထိုင်ခုံ လေးတွေကို ထပ်မံတပ်ဆင်ပေးတာမျိုး၊ ဒီနိုင်ငံနဲ့ ကိုက်ညီအောင် manual သော့ကို အစားထိုးပေးတာမျိုးလို မြန်မာနိုင်ငံက ကျောင်းသားတွေနဲ့ကိုက်ညီမယ့် မွမ်းမံမှုတွေကိုလည်း ပြုလုပ်နေပါတယ်။


ကိုသန်းထွန်းဝင်းဟာ မန္တလေးမြို့မှာ ကြီးပြင်းခဲ့တာဖြစ်ပြီး ကျောင်းသားဘဝက သူကိုယ်တိုင်လည်း ကျောင်းကို လမ်းလျှောက်သွားလေ့ ရှိတယ်လို့ ဆိုပါတယ်။ အသက် ၈ နှစ်ရွယ်ကစလို့ စင်္ကာပူနိုင်ငံမှာ သွားရောက် ပညာသင်ခဲ့ပြီး ၂၀၁၁ ခုနှစ်လောက်မှာ Nanyang နည်းပညာတက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့ပါတယ်။ အဲဒီနောက်ပိုင်း မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ BOD Tech Ventures ဆိုတဲ့ နည်းပညာကုမ္ပဏီ တစ်ခုကို ထူထောင်ခဲ့ပါတယ်။


ကိုသန်းထွန်းဝင်းဟာ စက်ဘီးတွေလှူဒါန်းမှုအတွက် ကုန်ကျစရိတ်ကို မူလက သူတစ်ယောက်တည်း ကျခံဖို့ စီစဉ်ထားပေမဲ့ အဲဒီလှူဒါန်းမှုအကြောင်း ကြားသိရချိန်မှာတော့ သူနဲ့နီးစပ်ရာ သူငယ်ချင်းတွေကပါ ပူးပေါင်း ပါဝင်ဖို့ ကမ်းလှမ်းလာကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ကတော့ အိမ်နဲ့ကျောင်းကို အချိန်အကြာကြီးယူပြီး သွားရ တဲ့ ကလေးတွေအတွက် အချိန်ကုန်သက်သာစေပြီး စာပေလေ့လာခြင်းနဲ့ ဗဟုသုတရှာဖွေရာမှာ အချိန် ပိုသုံးကာ သူတို့ရဲ့နွမ်းပါးတဲ့ဘဝကနေ လွတ်မြောက်ဖို့ ကြိုးစားရာမှာ အခွင့်အရေးပိုရလာဖို့အတွက် ရည်ရွယ်တယ်လို့လည်း ဆိုပါတယ်။


by Cherry Mon
Ref; The Straits Times, Today Online, Lesswalk.org, Than Tun Win facebook page


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။