Wonder Woman ရဲ့ အမိုက်စားဝတ်စုံသစ်ပုံကို အင်စတာဂရမ်မှာ တင်လိုက်တဲ့ ဂဲလ်ဂဒေါ့

DC ရဲ့ အမျိုးသမီးစူပါဟီရိုး ဇာတ်ကောင်တစ်ခုဖြစ်တဲ့ Wonder Woman ရဲ့ solo ရုပ်ရှင်ကို ၂၀၁၇ ခုနှစ်က ပွဲထုတ်ပြသခဲ့ပြီး အခုဆိုရင် တစ်နှစ်ကျော်ကြာလာပါပြီ။ solo ရုပ်ရှင်သစ်ကိုလည်း ရိုက်ကူးပြီးဖြစ်ပေမဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်ရောက်မှ ရုံတင်ပြသမှာ ဖြစ်တာကြောင့် Wonder Woman ကို ချစ်ကြတဲ့ ပရိသတ်တွေကတော့ ရုံတင်မယ့်ရက်ကို အတော်လေးစောင့်ကြရဦးမှာပါ။


ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက Wonder Woman သရုပ်ဆောင် မင်းသမီးချော ဂဲလ်ဂဒေါ့ (Gal Gadot) ဟာ သူ့ရဲ့ အင်စတာဂရမ်စာမျက်နှာမှာ Wonder Woman ရုပ်ရှင်သစ် “Wonder Woman 1984” အတွက် အမိုက်စား ဝတ်စုံသစ်နဲ့ ပိုစတာပုံသစ်ကို ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။ Wonder Woman နဲ့ ဂဲလ်ဂဒေါ့ကို ချစ်ကြတဲ့ ပရိသတ်တွေအတွက်တော့ ရုပ်ရှင်သစ်ကိုမကြည့်ရသေးခင် အလွမ်းပြေမယ်လို့ ထင်ပါတယ်။ အခုဝတ်စုံဟာ အရင်က ဂဲလ်ဂဒေါ့ဝတ်ဆင်ခဲ့တဲ့ နာမည်ကျော် Wonder Woman ဝတ်စုံနဲ့ အတော်လေး ကွဲပြားနေပါတယ်။ 


အဲဒီပုံကို ဇာတ်လမ်းရဲ့ဒါရိုက်တာ ပတ်တီဂျန်ကင်းစ်ရဲ့အင်စတာဂရမ်မှာ ပထမဆုံးတင်ခဲ့တာဖြစ်ပြီး ဂဲလ်ဂဒေါ့ရဲ့ သွယ်လျလှပတဲ့ ကိုယ်လုံးကို ပေါ်လွင်စေတဲ့ လင်းလက်လှပတဲ့ အမိုက်စားဝတ်စုံကို တွေ့မြင်ကြရမှာပါ။ ဒါပေမဲ့ အခုဝတ်စုံသစ်ဟာ Wonder Women comic စာအုပ်တွေနဲ့ ရင်းနှီးတဲ့ ပရိသတ်တွေအတွက်ကတော့ မထူးဆန် လှပါဘူး။ DC ရဲ့ အမာခံပရိသတ်တွေရဲ့အဆိုအရတာ့ အဲဒီဝတ်စုံဟာ အရင်က comic တွေထဲမှာ ဇာတ်ကောင် ဝတ်ဆင်ခဲ့ဖူးတဲ့  “Golden Eagle” ကို မှီငြမ်းဖန်တီးထားတယ်လို့ ဆိုပါတယ်။


နောက်နှစ်မှာ ပြသမယ့် “Wonder Woman 1984” ရုပ်ရှင်သစ်ဟာ ပထမကမ္ဘာစစ်အတွင်းက ဥရောပမှာ WW ရဲ့ စွန့်စားခန်းတွေ ပြီးတဲ့နောက် ဆယ်စုနှစ်များစွာကြာပြီးတဲ့ အချိန်ကာလကို အခြေတည်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒါ့ပြင် WW ခေါ် ဒိုင်ယာနာ ဇာတ်ကောင်ဟာလည်း ရုပ်ရှင်သစ်မှာ ဗီလိန်ဇာတ်ကောင်အသစ်တွေနဲ့ ရင်ဆိုင်ကြုံတွေ့ကြရမှာပါ။ ပြီးခဲ့တဲ့ နွေရာသီတုန်းကတော့ WW ရဲ့ ရန်သူအသစ်ဟာ Barbara Ann Minerva ခေါ် Cheetah ဖြစ်ပြီး မင်းသမီး Kristin Wiig က သရုပ်ဆောင်သွားမယ့်အကြောင်း ကြေညာခဲ့ပါတယ်။


ဂဲလ်ဂဒေါ့ရဲ့ Wonder Woman ဇာတ်ကောင်ဟာ ၂၀၁၇ ခုနှစ်တုန်းက Justice League ရုပ်ရှင်မှာ ပထမဆုံး အနေနဲ့ ပါဝင်ခဲ့ပြီး အဲဒီနောက်မှာတော့ “Wonder Woman” နာမည်နဲ့ solo ရုပ်ရှင်ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် solo အဖြစ် ထွက်ရှိမယ့် ရုပ်ရှင်သစ် “Wonder Woman 1984” မှာတော့ အသက် ၃၄ နှစ်အရွယ် မင်းသမီးချော ဂဲလ်ဂဒေါ့နဲ့အတူ WW ရဲ့ချစ်သူ အမေရိကန် လေယာဉ်မှူးတစ်ယောက်ဖြစ်တဲ့ စတိဗ်ထရီဗာအဖြစ် မင်းသားချော ခရစ္စပိုင်းကပဲ ဆက်လက်ပါဝင်ထားပါတယ်။ “Wonder Woman 1984” ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဇွန် ၅ ရက်မှာ ရုံတင်ပြသသွားဖို့ စီစဉ်ထားပါတယ်။


by Cherry Mon
Ref; Daily Mail, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။