အိမ်ထောင်ရေးအခြေခိုင်ဖို့ လက်ထပ်တဲ့ကိစ္စကို အချိန်ယူစီစဉ်သွားမယ့် ကေတီပယ်ရီနဲ့ ဘလွန်းမ်

နာမည်ကျော်ကြားလှတဲ့ အဆိုတော် ကေတီပယ်ရီ အရည်အချင်းပြည့်ဝတဲ့ ဂီတပညာရှင်တစ်ယောက် ဖြစ်ပြီး ရုပ်ရည်ချောမောသလို ဖက်ရှင်ကျသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂီတဆိုင်ရာ ဆုပေါင်းများစွာကို ရရှိထား တဲ့ ကေတီပယ်ရီဟာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ဂီတလောကရဲ့ ဝင်ငွေအကောင်းဆုံး အမျိုးသမီးများ စာရင်းမှာ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်ကအထိ သူမရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ အမေရိကန် ဒေါ်လာ ၁၂၅ သန်း ရှိပါတယ်။


အခုလက်ရှိမှာ အသက် ၃၄ နှစ်အရွယ် ကေတီပယ်ရီတစ်ယောက် အသက် ၄၂ နှစ်အရွယ် နာမည်ကျော် အင်္ဂလိပ်မင်းသားချော အော်လန်ဒိုဘလွန်းမ် (Orlando Bloom) နဲ့ စေ့စပ်ကြောင်းလမ်းထားပါတယ်။ သူတို့ နှစ်ဦးဟာ ၂၀၁၆ ခုနှစ် အစောပိုင်းလောက်ကတည်းက စတင်တွဲခုတ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁၄ ရက်၊ ချစ်သူများနေ့မှာတော့ တရားဝင်စေ့စပ်ကြောင်းလမ်းခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ထပ်ဖို့ ကိစ္စကိုတော့ ဖြည်းဖြည်းချင်းပဲ စီစဉ်သွားမယ်လို့ သူမကိုယ်တိုင် ထုတ်ပြောခဲ့ပါတယ်။


KISS Breakfast Show အစီအစဉ်မှာ သူမရဲ့ လက်ထပ်ပွဲအကြောင်း မေးမြန်းရာတဲ့အခါ ကေတီပယ်ရီက ဖြည်းဖြည်းချင်းပဲ စီစဉ်သွားမယ့်အကြောင်း အစီစဉ်တင်ဆက်သူတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။ သူမက သူတို့ရဲ့လက်ထပ်မှုမှာ အိမ်ထောင်ရေး အုတ်မြစ်ခိုင်မာမှုရှိအောင် အချိန်ယူပြီးမှ စီစဉ်သွားမှာ ဖြစ်ပြီး “တစ်ကြိမ် မှာ ခြေလှမ်းတစ်လှမ်းပဲ” လှမ်းသွားမယ်လို့ အဓိပ္ပါယ်ရတဲ့ စကားမျိုးကို ပြောခဲ့တာပါ။


အခုလက်ထပ်ပွဲဟာ ကေတီပယ်ရီရော၊ ဘလွန်းမ်အတွက်ပါ ဒုတိယအကြိမ်လက်ထပ်ခြင်း ဖြစ်လာမှာပါ။ အရင် က ကံမကောင်းအကြောင်းမလှစွာ အိမ်ထောင်ကွဲခဲ့ရပေမဲ့ အခုတစ်ကြိမ်မှာတော့ နှစ်ယောက်လုံးက အိမ်ထောင်ရေးမြဲမြံချင်ဟန်တူပါတယ်။ အဲဒါကြောင့်လည်း စေ့စပ်ထားပေမဲ့ လက်ထပ်ဖို့ ကိစ္စကို အလျင်စလို မလုပ်ဘဲ အချိန်ယူကာ စီစဉ်နေကြတာ ဖြစ်ပါတယ်။
ကေတီပယ်ရီဟာ ၂၀၁၀ ပြည့်နှစ်တုန်းက အင်္ဂလိပ်ရုပ်ရှင်မင်းသားနဲ့ ဟာသသရုပ်ဆောင်တစ်ယောက် ဖြစ်တဲ့ ရက်စ်ဆဲလ်ဘရန်းနဲ့ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူရိုးရာလက်ထပ်ပွဲကျင်းပပြီး လက်ဆက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ အိမ်ထောင်သက်ဟာ ၁၄ လပဲ ကြာခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။


အဲဒီလိုအိမ်ထောင်ကွဲရတဲ့ အဓိကအကြောင်းအရင်းတစ်ခုကတော့ အဲဒီအချိန်တုန်းကတည်းက အောင်မြင် ကျော်ကြားနေပြီဖြစ်တဲ့ ကေတီပယ်ရီဟာ အလုပ်အချိန်ဇယားတွေနဲ့ မအားလပ်နိုင်သူဖြစ်ပြီး အသက်လည်း ငယ်သေးတာကြောင့် ကလေးယူဖို့ အဆင်သင့်မဖြစ်သေးပါဘူး။ ဒါပေမဲ့ ကေတီထက် အသက် ၁၀ နှစ်လောက် ကြီးတဲ့ ဘရန်းကတော့ ကလေးလိုချင်ခဲ့ပါတယ်။ အဲဒီလိုနဲ့ ညှိမရတဲ့ ပြဿနာတွေကြောင့် သူတို့နှစ်ဦး လမ်းခွဲ ခဲ့ကြတာ ဖြစ်ပါတယ်။


The Lord of the Rings နဲ့ Pirates of the Caribbean တို့လို တကယ့်နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင် တွေထဲမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားချောဘလွန်းမ်းကတော့ ၂၀၁၀ ပြည့်နှစ်မှာ နာမည်ကျော်စူပါမိုဒယ် မရင်ဒါခါးလ်နဲ့ လက်ဆက်ခဲ့ပြီး သားတစ်ယောက် ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ရေး အဆုံးသတ်သွားခဲ့ပါတယ်။


၂၀၁၆ ခုနှစ် အစောပိုင်းမှာတော့ ဘလွန်းမ်းဟာ ကေတီပယ်ရီနဲ့ စတင်ချစ်ကြိုက်ခဲ့ပြီး ပြီးခဲ့တဲ့ ချစ်သူများနေ့ တုန်းက တရားဝင်စေ့စပ်ကြောင်းလမ်းခဲ့ပါတယ်။ ဒုတိယမြောက်အိမ်ထောင်မှာတော့ ရေရှည်မြဲချင်ပုံရတဲ့ သူတို့ နှစ်ဦးဟာ လက်ထပ်ဖို့ သေချာနေပြီဖြစ်ပေမဲ့ ဖြည်းဖြည်းချင်းပဲ စီစဉ်သွားမှာ ဖြစ်ပါတယ်။


by Cherry Mon
Ref; Daily Mail, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။