မုန်းတီးသူတစ်ချို့၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် လန်ဒန်မှ လိင်တူချစ်သူ ( Lesbian Couple ) နှစ်ဦး ဒဏ်ရာရရှိခဲ့

လန်ဒန်၊ ယူကေ၊ မေလ ၃၀ ရက်နေ့

ဆယ်ကျော်သက်အရွယ် လူငယ်လေးယောက် နဲ့ နောက်ထပ်တစ်ဦးတို့ဟာ မေလ ၃၀ ရက်နေ့က လန်ဒန်မြို့ရဲ့ ဘတ်စ်ကားတစ်စီးပေါ်မှာ လိင်တူချစ်သူ စုံတွဲတစ်တွဲကို ဝိုင်းဝန်းရိုက်နှက်မှုနဲ့အဖမ်းခံလိုက်ရပါတယ်။ သူတို့ ၅ ယောက်ဟာ လူမြင်ကွင်းမှာအကြမ်းဖက်တာ၊ မသင့်လျော်တဲ့စကားလုံးတွေသုံးပြီး အနှောင့်အယှက်ဖြစ်စေတာ နဲ့ လိင်တူချစ်ခြင်းကိုမုန်းတီးမှု စတဲ့အချက်တွေနဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ 

လိင်တူစုံတွဲဖြစ်တဲ့ မယ်လာနီယာ နဲ့ ခရစ်တို့ဟာ အလုပ်ခွင်ကနေ အိမ်ကိုပြန်လာတဲ့အချိန်၊ မေလ ၃၀ ရက်နေ့၊ ညနေပိုင်းမှာ ဒီအကြမ်းဖက်ဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်ကတော့ မယ်လာနီယာ နဲ့ ခရစ်တို့ အနမ်းပေးနေကြတဲ့အချိန်မှာ အဲ့ဒီ ( ၅ ) ယောက်အုပ်စုက ညစ်ညမ်းပြီးခွဲခြားတဲ့စကားတွေပြောပြီး စော်ကားခဲ့သလို၊ သူတို့ကိုစတင်တိုက်ခိုက်ပြီး ပစ္စည်းတွေကိုလည်း လုယူခဲ့ကြတယ်လို့ မယ်လာနီယာက ဆိုပါတယ်။ 

ကျွန်မတို့နှစ်ယောက်စပြီး အနမ်းပေးတော့ သူတို့တွေက ကျွန်မတို့နမ်းတာကို ဟာသလုပ်ကြတယ်။ ပြီးတော့ Lesbians လို့ပြောပြီး လိင်ခွဲခြားတဲ့အသုံးအနှုန်းတွေနဲ့စော်ကားကြတယ်။ သူတို့အပြုအမူတွေက တော်တော်စရိုက်ဆန်တယ် “ လို့ မယ်လာနီက ထပ်ပြောပါတယ်။ အခြေအနေက ဒီထက်ပိုဆိုးလာတဲ့အခါ မယ်လာနီက သူတို့ကိုပြေရာပြေကြောင်းပြောပေမယ့် ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ အဲ့ဒီငါးယောက်ထဲက တစ်ချို့က သူတို့ကို အကြွေစေ့တွေနဲ့ပစ်ပေါက်ကြသလို ပိုပြီးညစ်ညမ်းတဲ့စကားတွေနဲ့ဆဲကြတယ်။ 

သူတို့ဘက်က သည်းမခံနိုင်တဲ့အဆုံးမှာတော့ ရုန်းရင်းဆန်ခတ်တွေဖြစ်ကြတယ်။ သတိပြန်ဝင်လာတဲ့အချိန်မှာ မယ်လာနီ က အဲ့ဒီငါးယောက်ရဲ့အလယ်မှာရောက်နေပြီး သူမရဲ့မျက်နှာကို လက်သီးနဲ့ထိုးကြတယ်။ ခရစ်ကိုလည်း ဝိုင်းဝန်းတိုက်ခိုက်ကြပြီး နောက်ဆုံးမှာတော့ မယ်လာနီ ရဲ့ နှာခေါင်းရိုးကျိုးတဲ့အထိ အထိုးခံလိုက်ရပါတယ်။  “ အနိုင်ကျင့်ခံ၊ အကြမ်းဖက်ခံရတယ်ဆိုတာ ဘဝမှာ ဒါပထမဆုံးမဟုတ်တော့ဘူး။ ဒါပေမယ့် နှာခေါင်းရိုးကျိုးသွားတာတော့ ဒါက ပထမဆုံးပါ “ လို့ မယ်လာနီက ပြောပါတယ်။ ဖြစ်လာတဲ့အခြေအနေအပေါ် ဒေါသတွေအရမ်းထွက်ပေမယ့် ဒီထက်ဆိုးမသွားသေးတာ ကံကောင်းတယ်လို့သူမကထပ်ပြောပါတယ်။ 

လန်ဒန်မက်ထရိုရဲတပ်ဖွဲ့က ဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ လူငါးယောက်ကို ဖမ်းဆီးထားပြီး လေးယောက်ကတော့ အသက် ၁၅ ကနေ ၁၈ ကြားပဲရှိသေးတဲ့ ယောကျာ်းလေးတွေပါ။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်း ကတော့ ရွံရှာစက်ဆုပ်ဖွယ်ကောင်းတဲ့တိုက်ခိုက်မှုတစ်ရပ် လို့ရှုတ်ချခဲ့သလို လန်ဒန် LGBT အသိုင်းအဝိုင်းကိုရည်ရွယ်တဲ့ ဘယ်လိုအမုန်းတရား၊ ခွဲခြားဆက်ဆံမှု နဲ့ စော်ကားမှုကိုမှ  လက်ခံမှာမဟုတ်ဘူး လို့တွစ်တာမှာရေးသားခဲ့ပါတယ်။ နောက်ပြီး ဝန်ကြီးချုပ်ဖြစ်တဲ့ ထရီဆာမေ ကလည်း ဒီတိုက်ခိုက်မှုကို ထပ်မံရှုံ့ချခဲ့ပါတယ်။ 

ကျွန်မတို့အနေနဲ့ နှုတ်နဲ့စော်ကားတာတွေ၊ ခွဲခြားဆက်ဆံခံရတာတွေ၊ မုန်းတီးမှုတွေ စတဲ့အရာမှန်သမျှကို ခံနိုင်ရည်ရှိနေဖို့လိုတယ်။ Gay ဖြစ်ဖြစ် Lesbian ဖြစ်ဖြစ် ဒီလို ချီးထုတ်ကျတဲ့အရာတွေ၊ မုန်းတီးတဲ့သူတွေက အမြဲတမ်းရှိနေမှာမို့လို့ပဲ “ လို့ မယ်လာနီယာက ဆိုပါတယ်။ 

Gabriel

Source – ( CNN  Lesbian Couple viciously beaten in homophobic attack on London bus ကိုဘာသာပြန်ပါသည်။ ) 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။