လေဒီဂါဂါနဲ့ သတင်းထွက်ပြီးနောက် တကယ်လမ်းခွဲလိုက်ကြတဲ့ ဘရက်ဒ်လေကူးပါးနဲ့ အီရီနာ

အသက် ၄၄ နှစ်အရွယ် နာမည်ကျော်ဟောလိဝုဒ်မင်းသား ဘရက်ဒ်လေကူးပါး (Bradley Cooper) နဲ့ သူ့ရဲ့လက်တွဲဖော် အသက် ၃၃ နှစ်အရွယ် နာမည်ကျော်ရုရှားစူပါမိုဒယ် အီရီနာရှိတ်ခ် (Irina Shayk) တို့ရဲ့ ဆက်ဆံရေးဟာ အက်ကြောင်းထင်နေရာကနေ အခုဆိုရင် တကယ်လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ လက်တွဲဖော်သက်တမ်းဟာ ငါးနှစ်နီးပါး ကြာမြင့်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သမီလေးတစ်ယောက်လည်း ရရှိခဲ့ပါတယ်။ 

အခု ဇွန်လ ပထမအပတ်မှာတော့ ကူးပါးတို့စုံတွဲရဲ့ တရားဝင်လမ်းခွဲပြတ်စဲမှုဟာ အတည်ဖြစ်သွားတဲ့အကြောင်း People သတင်းကနေ အတည်ပြုလိုက်တာပါ။ အဲဒီသတင်းဟာ အီရီနာတစ်ယောက် ဓာတ်ပုံထဲမှာ သူတို့နှစ်ဦးရဲ့ စေ့စပ်လက်စွပ် ဝတ်မထားတော့တာကို သတိပြုမိကြပြီးနောက်မှာ အဲဒီလိုသတင်းမျိုး ထွက်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် အီရီနာဟာ သမီးဖြစ်သူနဲ့အတူ ကူးပါးရဲ့အိမ်ကနေ ပြောင်းရွှေ့သွားတဲ့နောက်မှာတော့ အဲဒီ သတင်းဟာ သေချာသွားခဲ့ပါတယ်။ 

ကူးပါးနဲ့ လေဒီဂါဂါတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ A Star Is Born ဇာတ်လမ်း ရိုက်ကူး ပြသပြီး နောက်ပိုင်းကတည်းက ကူးပါးနဲ့ အီရီနာတို့နှစ်ဦးသားရဲ့ ဆက်ဆံရေးဟာ အက်ကြောင်းထင်နေခဲ့ တာ ဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီနောက်ပိုင်းမှာလည်း ကူးပါးနဲ့ လေဒီဂါဂါတို့ အချင်းချင်းကြိတ်ကြိုက်နေကြတဲ့ သတင်းမျိုးတွေလည်း ထွက်ရှိလာခဲ့ပါတယ်။ ကူးပါးနဲ့ အီရီနာတို့ဟာလည်း သူတို့ရဲ့ အသက် ၂ နှစ်အရွယ် သမီးလေးမျက်နှာကိုငဲ့ကွက်ကာ အခြေအနေပြန်ကောင်းအောင် ကြိုးစားခဲ့ကြပေမဲ့ အရာထင်ခဲ့ဟန် မတူပါဘူး။

A Star Is Born ဟာ  ကူးပါးကိုယ်တိုင် ဒါရိုက်တာလုပ်ကာ ထုတ်လုပ်ရိုက်ကူးခဲ့တာ  ဖြစ်ပြီး ကိုယ်တိုင်လည်း လေဒီဂါဂါနဲ့အတူ အဓိကနေရာက ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ အဲဒီဇာတ်လမ်းဟာ အတော်လေးအောင်မြင်မှု ရရှိခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့သလို အဲဒီဇာတ်လမ်းထဲက ကူးပါးနဲ့ လေဒီဂါဂါတို့ အတူတွဲဖက်သီဆိုခဲ့တဲ့ “Shallow” သီချင်းဟာလည်း အကယ်ဒမီဆုရော ရွှေကမ္ဘာလုံးဆုကိုပါ ရရှိခဲ့ပါတယ်။

ဂီတဒရမ်မာအချစ်ဇာတ်လမ်းမျိုးဖြစ်တဲ့ အဲဒီဇာတ်လမ်းမှာ အရမ်းကို တွဲဖက်ညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ ကူးပါးနဲ့ လေဒီဂါဂါတို့ကို ပရိသတ်တွေက အပြင်မှာ တကယ်ကြိုက်သွားစေချင်တဲ့အထိ တခဲနက်အားပေးခဲ့ကြ ပါတယ်။ အသက် ၃၃ နှစ်အရွယ် နာမည်ကျော်အဆိုတော် လေဒီဂါဂါဟာလည်း ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလတုန်းက သူ့ချစ်သူ Christian Carino နဲ့ စေ့စပ်ကြောင်းလမ်းမှုကို တရားဝင်ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။ 

ဂါဂါတစ်ယောက် စေ့စပ်ပွဲပျက်သွားခဲ့ပြီး ကူးပါးကပါ သူ့သမီးလေးရဲ့မိခင် အီရီနာနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်တာကြောင့် မကြာခင်ကာလမှာ တချို့ပရိသတ်တွေ မျှော်လင့်နေကြသလို ဂါဂါနဲ့ ကူးပါးတို့ တကယ်ပဲ အချစ်ဇာတ်လမ်းဖြစ်လာကြမလား ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါပဲ။

by Cherry Mon

Ref; Daily Mail, Mirror, People 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။