မွေးနေ့မှာ မိသားစုဝင်တွေရောက်မလာပေမယ့် သူစိမ်းတွေကြောင့် ပျော်ရွှင်ခဲ့ရတဲ့ (၆၁)နှစ်အဘိုးအို

အသက်အရွယ်ကြီးရင့်လာတဲ့အခါ သားသမီးတွေရဲ့ လစ်လျူရှုခြင်းကို ယနေ့ခေတ် အဘိုးအဘွားတော်တော်များ ကြုံတွေ့နေရပါတယ်။ ငယ်ရွယ်စဉ်က သားတွေ၊ မြေးတွေနဲ့ နှစ်စဉ်တိုင်း ကျင်းပတဲ့ မွေးနေ့ပွဲတွေမှာ အတူရှိခဲ့ပေမယ့် အသက်အရွယ်လည်းရလာရော မိဘတွေကို လူရာမသွင်းတော့တဲ့ သားသမီးတွေ ဒီကမ္ဘာပေါ်မှာ ထုနဲ့ဒေးရှိပါတယ်။ အခုလည်း Mexico နိုင်ငံက အဘိုးအိုတစ်ဦးဟာ သူ့ရဲ့ (၆၁)နှစ်ပြည့် မွေးနေ့ကို မိသားစု စုံစုံလင်လင်ရှိချင်လို့ဆိုပြီး စားသောက်ဆိုင်တစ်ဆိုင်မှာ ကျကျနနပြင်ဆင်ကာ မိသားစုဝင်တွေ လာမယ့်အချိန်ကို စောင့်နေခဲ့ပါတယ်။

တရွေ့ရွေ့နဲ့ အချိန်တွေသာ ကုန်သွားခဲ့ပြီး သားသမီး၊ မြေးမြစ်တွေ တစ်ယောက်မှ သူ့ရဲ့ မွေးနေ့ပွဲကို ရောက်မလာကြပါဘူး။ အဲ့နောက် အဘိုးအိုဟာ သူ့ရဲ့ဖုန်းနဲ့ တစ်ယောက်ပြီး တစ်ယောက်ဆက်ပြီး သူ့ရဲ့မွေးနေ့ပွဲကို လာဖို့ ဖိတ်ခေါ်ပေမယ့် နောက်ဆုံးမှာ သက်ပြင်းချခြင်းနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ အဆိုပါ အဘိုးအိုရဲ့ ဖြစ်စဉ်ကို ဘေးနား စားသောက်ဝိုင်းများမှ လူအများမြင်တွေ့ကြပြီး လူတွေကလည်း အဘိုးအိုမျက်နှာမကောင်းဖြစ်နေတာကို အတိုင်းသား မြင်တွေ့နေကြပါတယ်။

မွေးနေ့ပွဲကို သူမျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် အဘိုးအိုဟာ ရုတ်တရက်ထလိုက်ပြီး “ ဒီနေ့က ကျနော့်ရဲ့(၆၁)နှစ်ပြည့် မွေးနေ့ပါ။ မိသားစုဝင်တွေ လာရင် ကျနော့် မွေးနေ့စဖို့ စောင့်နေပေမယ့် တစ်ယောက်မှ ပေါ်မလာခဲ့ဘူး။ ဒီနေ့မှာ ကျနော့်ဇနီးသည်နဲ့အတူ သားနဲ့ မြေးတွေ လာလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် အားလုံးမြင်တဲ့အတိုင်းပါပဲ။ တကယ်လို့ ကျနော့် မွေးနေ့မှာ အတူတူပါဝင်ဆင်နွှဲချင်တဲ့ လူတွေများ ရှိရင် ဖိတ်ခေါ်ပါတယ် ” လို့ အော်ပြောလိုက်ပါတယ်။ 

ချက်ချင်းဆိုသလို ဘေးနားစားသောက်ဝိုင်းများမှ လူတွေအားလုံး အဘိုးအိုဆီ ရောက်ရှိလာပြီး လက်ဆွဲနှုတ်ဆက်ကာ တရင်းတနှီး စကားများပြောကာ စိတ်မညစ်ဖို့နဲ့ စိတ်ဖြေသာအောင် စကားများပြောခဲ့ကြပါတယ်။ မိသားစုတွေမရှိပေမယ့် အဘိုးအိုရဲ့ မွေးနေ့ပွဲကို သူစိမ်းတွေကပဲ ပျော်ရွှင်စရာမွေးနေ့တစ်ခုအဖြစ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Facebook သုံးစွဲသူ Patty Rodriguez ကလည်း “ အဘိုးနဲ့ မွေးနေ့ပွဲ အတူတူကျင်းပပေးခဲ့တဲ့ သူစိမ်းတွေက တစ်ယောက်ပါလို့ ” ရေးသားထားပါသေးတယ်။

Source; newsely.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။