ခရုဆီ (Oyster Sauce) ရာဇဝင်

ဒီမှာတော့ ခရုဆီလို့ ခေါ်ကြတဲ့ Oyster sauce ဆိုတာ ကနုကမာလေးတွေကနေ ရတဲ့ ဟင်းခတ်အဆီအနှစ်ပါ။ ဒါပေမယ့် ဒီနေ့ခေတ်ဈေးကွက်ထဲမှာ တွေ့ရတဲ့ Oyster Sauce တွေအတော်များများကတော့ သကြား၊ ဆား နဲ့ စေးပျစ်စေဖို့ ပြောင်းမှုန့်တွေပါရောနှောထားလေ့ရှိပါတယ်။ တချိူ့သောခရုဆီတွေမှာဆိုရင် အရောင်ရင့်ပြီး စေးပျစ်နေစေဖို့ ညောင်စေးကျအောင်ကြိုထားတဲ့ သကြားဆီတွေပါ ထည့်လေ့ရှိပါတယ်။ ဒါပေမယ့် တကယ့်မူလပထမ Oyster sauce စစ်စစ်ကတော့ ဘာအရောအနှောမှမပါဘဲ သဘာဝအတိုင်း အရောင်ရင့်ပြီး စေးပျစ်ပါတယ်။

မူလ ပထမ Oyster Sauce ကို တကူးတက တီထွင်ဖန်တီးခဲ့တာမဟုတ်ပါဘူး။ တရုတ်လူမျိုး Lee Kum Sheung ဆိုတဲ့လူက ၁၈၈၈ ခုနှစ်မှာ မတော်တဆတွေ့ရှိခဲ့တာပါ။ သူက ဆိုင်ခန်းငယ်လေးနဲ့ ကမာဟင်းချို ရောင်းတဲ့သူတစ်ယောက်ပါ။ တစ်ရက်မှာတော့ သူဟာ လုပ်နေကျအတိုင်း ကမာတွေကို ပြုတ်ထားရာကနေ အချိန်တော်တော်ကြာမေ့နေခဲ့ပါတယ်။ အိုးထဲကနေ ထူထူးဆန်းဆန်းမွှေးကြိုင်လွန်းတဲ့ အနံ့တစ်ခုရတော့မှ အိုးကိုဖွင့်ကြည့်လိုက်တဲ့အခါ ကမာဟင်းချိုဟာ အညိုရင့်ရောင် ကမာဆီ အနေနဲ့ ပြောင်းလဲနေတာကို တွေ့ခဲ့ပါတယ်။ ပစ်ရတော့မဲ့ အခြေအနေမှာ အနံ့ ကမွှေးလွန်းနေတာကြောင့် သူဟာ မြည်းကြည့်တဲ့အခါ ထူးထူးခြားခြားအရသာရှိနေတာတွေ့ရှိခဲ့ပါတယ်။ ဈေးကွက်မြင်လှတဲ့ Lee Kum Sheung ဟာ ကမာဟင်းချိုရောင်းရာကနေ ကမာတွေကို အဆီကျတဲ့အထိကြိုပြီး ဟင်းခတ်အမွှေးအကြိုင်တစ်ခုအနေနဲ့ ရောင်းတဲ့အခါမှာတော့ ဒေသတွင်းမှာ နာမည်ကြော်ကြားလာခဲ့ပါတယ်။ အဲ့နောက်မှာတော့ တဖြေးဖြေး လူသုံးများသည်ထက်များလာပြီး  အခုဆိုရင် တစ်ကမ္ဘာလုံးက စားဖိုမှူးတွေအတွက် မရှိမဖြစ် sauce တစ်မျိုးအနေနဲ့ပါ နေရာရလာခဲ့တာပဲဖြစ်ပါတယ်။

ပုံမှန်အတိုင်းက Oyster Sauce ဟာ ကမာတွေကို ရေနဲ့ပြုတ်ပြီး တဖြည်းဖြည်းရေခမ်းလာစေကာ ညောင်စေးကျတဲ့အထိ ကြိုရတာဖြစ်ပေမယ့် ဒီနေ့ခေတ်မှာတော့ ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချဖို့နဲ့ အချိန်ကုန်သက်သာစေဖို့ သကြား၊ဆားနဲ့ ပြောင်းမှုန့်ကို အခြေခံထုတ်လာပြီး ကမာကိုတော့ အနံ့သဘောမျိုးပါတယ်ဆိုရုံသာ ထည့်ကြပါတော့တယ်။ တချို့ brand တွေမှာဆိုရင် ပဲပိစပ်ဆော့စ်နဲ့ အချိုမှုန့်တွေပါ ရောနှောထားကြောင်း တွေ့ရပါသတဲ့။ ဘာပဲပြောပြော Oyster sauce လို့ခေါ်တဲ့ ခရုဆီဟာ ဟင်းလျာရဲ့ အနံ့နဲ့ အရသာကို တကယ်လည်း ကောင်းမွန်စေတာကြောင့် ဒီနေ့ခေတ်မှာ အိမ်ရှင်မတော်တော်များများ ရင်းနှီးနေကြပြီဖြစ်တာမို့ ခရုဆီရဲ့ ရာဇဝင်လေးကို We ရဲ့ ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။