ဂိမ်းကို Live Action အဖြစ် အသက်သွင်းမယ့် “Uncharted” ရုပ်ရှင် ရုံတင်မယ့်ရက် ကြေညာ

Sony ရုပ်ရှင်ထုတ်လုပ်ရေးဟာ နာမည်ကျော် အက်ရှင်-စွန့်စားခန်း ဗီဒီယိုဂိမ်းမျိုးဖြစ်တဲ့ “Uncharted” ကို ရုပ်ရှင်အဖြစ် ပြန်လည် အသက်သွင်းမယ့်အကြောင်း လွန်ခဲ့တဲ့လပေါင်းများစွာကတည်းက အတည်ပြုကြေညာခဲ့ ပြီး ဖြစ်ပါတယ်။ အဓိကဇာတ်ကောင်နေရာက သရုပ်ဆောင်မယ့်မင်းသားကိုလည်း ကြေညာခဲ့ပြီး၊ ပြီးခဲ့တဲ့ ဇွန် ၆ ရက်မှာတော့ ရုပ်ရှင်ထွက်ရှိမယ့်ရက်ကိုလည်း အတည်ပြုလိုက်ပါပြီ။


Live Action အဖြစ် ပြန်လည်အသက်သွင်းဖို့အတွက် နှစ်နဲ့ချီအောင် ကြံရွယ်နေခဲ့ပြီး အခုအချိန်မှာ တကယ်ဖြစ် မြောက်လာတော့မယ့် Uncharted ရုပ်ရှင်ကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ရုံတင်ပြသသွားဖို့ စီစဉ်ထား ပါတယ်။ အဲဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နသန်ဒရိတ်ခ် (Nathan Drake) ရဲ့ လူငယ်ဗားရှင်းအဖြစ် Spider-Man မင်းသားလေး တွမ်ဟော်လန် (Tom Holland) က သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ တွမ်ဟော်လန်ဟာ လူကောင်သေးသေးလေးနဲ့ မျက်နှာပေါက်ကလည်း ကလေးတစ်ယောက် ပုံစံမျိုးသာ ဖြစ်တာကြောင့် နသန်ဒရိတ်ခ် ဇာတ်ကောင်နဲ့ မလိုက်ဖက်ဘူးလို့ အမာခံ ပရိသတ်တချို့က ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကံကောင်းတာတစ်ခုကတော့ အခုရိုက်ကူးမယ့် Uncharted ဟာ ဂိမ်းထဲက ဒရိတ်ခ်ရဲ့အသက်အရွယ်ကို အခြေခံရိုက်ကူးမှာ မဟုတ်ဘဲ နည်းနည်းငယ်တဲ့ ဒရိတ်ခ်ကို ဖန်တီးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဟော်လန်အနေနဲ့ လူငယ်လေးဒရိတ်ခ်အဖြစ် သရုပ်ဆောင် ရမှာပါ။


ဟော်လန်ဟာ Uncharted 4: A Thief’s End ထဲက အချိန်ကာလလောက်ကို အခြေခံပြီး ဒရိတ်ခ်ရဲ့ လူငယ် ဗားရှင်းအဖြစ် သရုပ်ဆောင် သွားမယ်လို့ သိရပါတယ်။ အဲဒီဇာတ်လမ်းကို အမေရိကန်လူငယ်ရုပ်ရှင်ဒါရိုက်တာ Dan Trachtenberg စီစဉ်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။ နသန်ဒရိတ်ခ်လို ဇာတ်လမ်းရဲ့အဓိကဇာတ်ကောင် တစ်နေရာဖြစ်တဲ့ Sully နေရာမှာ သရုပ်ဆောင်မယ့်သူကို အတည်မပြုရသေးပေမဲ့ နာမည်ကျော်မင်းသားတွေ ဖြစ်ကြတဲ့  Chris Hemsworth, Matthew McConaughey, Chris Pine နဲ့ Woody Harrelson တို့ကို လျာထားပါတယ်။


အင်္ဂလိပ်မင်းသားချော တွမ်ဟော်လန်ဟာ ၂၀၀၈ ခုနှစ်လောက်ကတည်းက အနုပညာလောကထဲ စတင် ရောက်ရှိခဲ့ပြီး ဇာတ်လမ်းပေါင်း များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာ မာဗယ်ရဲ့ Captain America: Civil War မှာ Spider-Man ဇာတ်ကောင်နေရာက ပါဝင်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ Spider-Man solo ရုပ်ရှင် Homecoming မှာလည်း ဆက်လက်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကစလို့ Spider-Man မင်းသားအဖြစ် နာမည်ကျော်လူသိများလာပါတယ်။


Avengers: Infinity War နဲ့ Endgame ရုပ်ရှင်မှာ Spider-Man နေရာက  ဆက်လက်ပါဝင်ခဲ့တဲ့ တွမ်ကို လာမယ့် ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ရဲ့ ဇာတ်လမ်းများစွာမှာ တွေ့မြင်ကြရဦးမှာပါ။ ၂၀၁၉ ခုနှစ်မှာ Spider-Man: Far From Home အဖြစ် solo ရုပ်ရှင် ထွက်ရှိ လာဦးမယ့် တွမ်ဟာ ၂၀၂၀ ပြည့်နှစ်မှာ Onward ကာတွန်း ရုပ်ရှင်မှာ အသံသရုပ်ဆောင်ထားသလို “Uncharted” နဲ့ တခြားရုပ်ရှင် ဇာတ်လမ်းသစ်တွေမှာလည်း ပါဝင် သရုပ်ဆောင်သွားဖို့ ကြေညာထားပါတယ်။


“Uncharted” ဟာ ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံးဗီဒီယိုဂိမ်းတွေမှာ တစ်ခုအပါအဝင် ဖြစ်ပြီး အတော်လေးနာမည်ကျော် လူကြိုက်များခဲ့ပါတယ်။ အဲဒီဂိမ်းကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်း နေခဲ့ကြတာ ကြာပါပြီ။ ၂၀၁၈ ခုနှစ်တုန်းကတော့ ဂိမ်းရဲ့ပရိသတ်တွေအတွက် fan-made ဗီဒီယိုအဖြစ် ၁၅ မိနစ်စာ ဇာတ်လမ်းတိုလေး ထွက်ရှိခဲ့ပါသေးတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်ခါနီးကျရင်တော့ Uncharted ရဲ့ တကယ့် Live Action ရုပ်ရှင်ကို ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။


by Cherry Mon
Ref; Forbes, Wikipedia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။