လေးခွနဲ့ ပစ်ခတ်တဲ့အပြင် တားဆီရေးဂိတ်ကိုပါ တိုက်ဖျက်ခဲ့လို့ တိုးဂိတ်မောင်တံ ကျိုးပျက်ခဲ့ရ

ယမန်နေ့ ဇွန်လ (၉)ရက်နေ့ မနက်(၆)နာရီအချိန်ခန့်က မင်္ဂလာဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တွေဟာ ရဲလှည့်ကင်းယာဉ်ဖြင့် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ဇေကမ္ဘာ R (၁၁) လမ်းပေါ်မှ မောင်းနှင်လာတဲ့ (၆)ဘီးကားကို စစ်ဆေးဖို့ ရပ်တန်ခိုင်းခဲ့ပေမယ့် ကားက ရပ်မပေးပဲ ဆက်လက်မောင်းနှင်သွားခဲ့ပါတယ်။

ကားခေါင်းခန်းမှ လိုက်ပါလာတဲ့လူတွေက ဓားရှည်တွေ ထောင်ပြပြီး လေးခွနဲ့ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင် (၁)ဦးရဲ့ ဝဲပုခုံး ထိမှန်ဖူးယောင်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကားက ဆက်လက် ထွက်ပြေးမောင်းနှင်သွားခဲ့ပါတယ်။ အဆိုပါ (၆) ဘီးကား လွတ်မြောက်အောင်လည်း MARK II ကားတစ်စီးက လှည့်ကင်းကားတွေကို ပိတ်ဆို့မောင်းနှင်ပေးခဲ့တယ်လို့ သိရပါတယ်။ 

ရဲတပ်ဖွဲ့ဝင်များရဲ့ ကြိုးစားမှုကြောင့် ပိတ်ဆို့မောင်းနှင်နေတဲ့ Mark II ကားကို လှည့်ကင်းကားက ကျော်တက်နိုင်ခဲ့ပြီး (၆)ဘီးယာဉ်နောက်ကို ဆက်လက် လိုက်လံဖမ်းဆီးရာမှာ ထောက်ကြန့်မြို့၊ လမ်းဆုံအရောက် ရဲတပ်ဖွဲ့က သတိပေး ပစ်ခတ် တားဆီးရာ ကားရဲ့နောက်ဘီးကို ထိမှန်သွားခဲ့ပါတယ်။ ၎င်းကားဟာ အမှတ်(၃)လမ်းမကြီး ပိတ်ဆို့ ရှာဖွေရေးဂိတ်ရှိ ဘယ်ရီဂိတ် အတားအဆီးတွေနဲ့ အမြန်လမ်းမကြီး တိုးဂိတ်မောင်းတံကို ဝင်တိုက်ကာ ဆက်လက် မောင်းနှင်ထွက်ပြေးခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်(၆/၁)အနီးမှာ ရပ်တန့်သွားခဲ့ပါတယ်။

အဲ့နောက် လှည့်ကင်းကားမှ ရပ်တန့်သွားတဲ့ (၆)ဘီးယာဉ်အား သွားရောက်ဖမ်းဆီးရာ ကားပေါ်ပါလာတဲ့ တရားခံများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ကားပေါ်မှာ ကျွန်းခွဲသားဆိုဒ်စုံ (၄.၉၄၃၄)တန်ကို သိမ်းဆည်းရမိခဲ့တာကြောင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Source; ရဲဇာနည် FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။