မင်းသားကြီးအာနိုးရဲ့သမီးနဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့ Star Lord တဖြစ်လဲ ခရစ္စပရတ်ထ်

မာဗယ်ရဲ့ Guardians of the Galaxy ဇာတ်လမ်းတွေမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ Star Lord နေရာက ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်မင်းသား ခရစ္စပရတ် (Chris Pratt) ဟာ ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့တုန်းက နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး အာနိုးရှဝက်ဇ်နစ်ဂ်ဂါ (Arnold Schwarzenegger) ရဲ့ သမီးကြီးဖြစ်သူ ကတ်သရင်းရှဝက်ဇ်နစ်ဂ်ဂါနဲ့ ထိမ်းမြားလက်ထပ်ခဲ့ပါတယ်။ People သတင်းဖော်ပြချက်အရ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Montecito မှာ ခင်မင်ရင်းနှီးသူတွေ ကို ဖိတ်ကြားပြီး သီးသန့်မင်္ဂလာပွဲလေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။


အသက် ၃၉ နှစ်အရွယ် ပရတ်ထ်နဲ့ အသက် ၂၉ နှစ်အရွယ် ကတ်သရင်းတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လက စတင်တွဲခုတ်ခဲ့ကြတာ ဖြစ်ပြီး တစ်နှစ်အကြာမှာတော့ အခုလိုတရားဝင်လက်ထပ်ထိမ်းမြားခဲ့တာ ဖြစ်ပါတယ်။ အခုလိုလက်ထပ်တာဟာ ပရတ်ထ်အတွက် ဒုတိယအကြိမ်ဖြစ်ပြီး ကတ်သရင်းကတော့ အခုမှ ပထမဆုံးအကြိမ် လက်ထပ်တာပါ။ ပရတ်ထ်ဟာ ၂၀၀၉ ခုနှစ်မှာ အမေရိကန်မင်းသမီး တစ်ယောက်ဖြစ်တဲ့ အန်နာဖားရစ်နဲ့ လက်ထပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ သားတစ်ယောက်ထွန်းကားခဲ့ပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ လမ်းခွဲခဲ့ပါတယ်။


ပရတ်ထ်နဲ့ ကတ်သရင်းတို့ဟာ သူတို့နှစ်ယောက်ရဲ့ စေ့စပ်ကြောင်းလမ်းမှုကို ချစ်သူသက်တမ်း ခုနစ်လကျော် ပြီးချိန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကတည်းက ကြေညာထားခဲ့တာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ ပျော်စရာမင်္ဂလာပွဲ လေးကို အားနိုးနဲ့ မာရီယာတို့ဇနီးမောင်နှံနဲ့ ပရတ်ထ်ရဲ့ ၆ နှစ်အရွယ် သားငယ်ဂျက်ခ်အပါအဝင် နှစ်ဖက်မိဘ ဆွေမျိုးတွေနဲ့ ခင်မင်ရင်းနှီးသူတွေ တက်ရောက်ဂုဏ်ပြုခဲ့ကြပါတယ်။ ဇနီးဟောင်းဖြစ်သူ ဖားရစ်ကလည်း သူတို့ ရဲ့ စေ့စပ်ပွတုန်းက “မင်းတို့နှစ်ယောက်လုံးအတွက် အရမ်းဝမ်းသာပါတယ်” လို့ ဂုဏ်ပြုစကားပြောခဲ့ပါတယ်။


အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ကတ်သရင်းက သူ့ရဲ့အင်စတာဂရမ်စာမျက်နှာထက်မှာ သူတို့ရဲ့မင်္ဂလာစုံတွဲ ဓာတ်ပုံနဲ့အတူ “မနေ့က ကျွန်မတို့ဘ၀ ရဲ့ အကောင်းဆုံးနေ့လေးပါပဲ။ ကျွန်မတို့တွေ ဘုရားသခင်ရဲ့ရှေ့မှောက်၊ မိသားစုတွေနဲ့ ချစ်ခင်သူတွေရဲ့ရှေ့မှာ ခင်ပွန်းသည်နဲ့ ဇနီးသည်ဘဝကို ရောက်ရှိခဲ့ပါပြီ” လို့ ရေးတင်ခဲ့ပါတယ်။ အဲဒီမင်္ဂလာပွဲမှာ ပရတ်ထ်နဲ့ ကတ်သရင်းတို့နှစ်ယောက်လုံးရဲ့ မင်္ဂလာဝတ်စုံတွေကို နာမည်ကျော် ဒီဇိုင်နာ Giorgio Armani က ဒီဇိုင်းထွင်ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။


ကတ်သရင်းဟာ အမေရိကန်စာရေးဆရာမတစ်ယောက် ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဟောင်းလည်းဖြစ်တဲ့ နာမည်ကျော်ရုပ်ရှင်မင်းသားကြီးအာနိုးနဲ့ အမေရိကန်သမ္မတဟောင်း ကနေဒီရဲ့ တူမ ဖြစ်သူ စာနယ်ဇင်းဆရာမ မာရီယာရှက်ရီဗာတို့ရဲ့ သမီးကြီး ဖြစ်ပါတယ်။


ခရစ္စပရတ်ထ်ကတော့ Jurassic World ဇာတ်လမ်းတွေနဲ့ Passengers တို့လို နာမည်ကျော် ဟောလိဝုဒ် ရုပ်ရှင်မှာ ခေါင်းဆောင်ပါဝင်ခဲ့တဲ့ နာမည်ကျော်မင်းသားတစ်လက် ဖြစ်ပါတယ်။ ဒါ့ပြင် မာဗယ်ရဲ့ Guardians of the Galaxy ဇာတ်လမ်းတွေမှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီး Avengers: Infinity War နဲ့ Avengers: Endgame တို့မှာလည်း Star Lord ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၀ ပြည့်နှစ်မှာလည်း Tom Holland နဲ့အတူ အသံသရုပ်ဆောင်ထားတဲ့ Onward ကာတွန်းရုပ်ရှင် ထွက်ရှိလာဦးမှာပါ။


မာဗယ်ရဲ့ စူပါဟီးရိုးဇာတ်ကောင်တစ်ခုဖြစ်တဲ့ Star Lord တဖြစ်လဲ ပရတ်ထ်ဟာ ဇာတ်လမ်းတွေထဲမှာ MCU ရဲ့ စူပါဗီလိန်ကြီး Thanos ရဲ့ သမီးနဲ့ ချစ်ကြိုက်ခဲ့ပြီး အခုလက်တွေ့မှာတော့ အက်ရှင်မင်းသားကြီးအားနိုးရဲ့ သမက်ဖြစ်သွားခဲ့ပါပြီ။


by Cherry Mon
Ref; People, CNN, Wikipedia
 


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။