(၅)ဘာသာဂုဏ်ထူးရှင်ရဲ့ ဆေးကျောင်းတက်ဖို့ သတင်းဟာ မှားယွင်းနေကြောင်း ပြောပြခဲ့တဲ့ လင်းလင်း

သာယာကြည်နူးဖွယ် မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ အိမ်ထောင်ရေးဟာ မြင်တွေ့သူတိုင်း အားကျလောက်အောင်ကို ပျော်ရွှင်ဖို့ကောင်းပါတယ်။ လင်းလင်းတို့ ဇနီးမောင်နှံဟာ စိတ်သဘောထား ကောင်းမွန်သူတွေဖြစ်သလို တကယ် လိုအပ်တဲ့နေရာတွေမှာလည်း အမြဲလိုလို အလှူအတန်းတွေ ပြုလုပ်လေ့ရှိပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးရဲ့ အမွှာလေးတွေဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ကိုလည်း ပရိသတ်များစွာက အချစ်ပိုနေကြပြီး အခုဆိုရင် ခေတ်သစ် ဖောင်ဒေးရှင်းဆိုပြီးတော့လည်း တည်ထောင်ထားပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းကနေပြီး ကျန်းမာရေးမကောင်းတဲ့ ကလေးတွေ၊ ကျောင်းတတ်ဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးတွေကို ကူညီထောက်ပံ့နေတယ်လို့လည်း သိရပါတယ်။

လတ်တလောမှာတော့ မီဒီယာတချို့ရဲ့ ဖော်ပြချက်တွေအရ လင်းလင်းတို့ ဇနီးမောင်နှံဟာ ဆေးကျောင်းတတ်ဖို့ အခက်အခဲဖြစ်နေတဲ့ (၅)ဘာသာဂုဏ်ထူးရှင်လေးကို ပညာကုသိုလ်ပြုသွားမည်လို့ ဖော်ပြနေကြပါတယ်။ အဆိုပါ သတင်းဟာ မနှစ်က သတင်းဖြစ်ပြီး လင်းလင်းက သူ့ရဲ့ လူမှုကွန်ယက်မှာ အခုလိုပြောထားပါတယ်။ 

“ ဒီသတင်းဟာ ဟိုအရင်နှစ်ကဖြစ်ပြီး ညီမငယ်ဟာလဲ အလှူရှင်ပေါ်ပြီး မကွေးမှာ ဆေးကျောင်းတက်နေပြီလို့ သိရတဲ့အတွက် အရမ်းဝမ်းသာရပါတယ်။ ဒီသတင်းအဟောင်းကို အသစ်လုပ်တင်တဲ့ မီဒီယာကိုလဲ အပြစ်မမြင်မိပါဘူး။ ဘာ့ကြောင့်ဆို ဒီလိုသတင်းအမှန်ကို ခုနစ်မှား ရက်မှားတင်ပေမယ့် အကယ်၍သာ ဒီညီမငယ်အဆင်မပြေသေးရင် ကျွန်တော်တို့ ကူညီခွင့်ရမှာပါ။ ပညာရေးကိစ္စဖြစ်နေတာကိုး။ အခြေခံလူတန်းစား၊ ကျောမွဲလူတန်းစား၊ လက်လုပ်လက်စားလူတန်းစား တွေမှာလဲ ပညာရှိရင် ထည်ဝါခွင့်ရှိရပါမယ်။ ပညာရှိရင် ဂုဏ်ကြီးခွင့်ရှိရပါမယ်။ ပညာရှိရင် မျက်နှာကြီးခွင့်ရှိရပါမယ်။ 

အခွင့်အာဏာရှိတဲ့ လူတွေနဲ့ပတ်သတ်မှ အကောင်းစားတွေရမယ့်ခေတ်၊ ကိုယ့်အသိုင်းအဝိုင်းကောင်းစားမယ့်ခေတ်၊ လူတောတိုးလို့ရမယ့် ခေတ်ကို တွန်းလှန်ချင်လို့ ကျွန်တော်တို့ အားလုံးဟာ ဒီမိုကရေစီကို မျိုချခဲ့တာမဟုတ်လား။ နိုင်ငံဟာအဖက်ဖက်က မျက်နှာလှဖို့ မျိုချခဲ့တာမဟုတ်လား။ လူကြီးမျက်နှာ မညိုးအောင်နည်းမျိုးစုံနဲ့ ကျင့်ကြံဝိုင်းရံဖြည့်စီးပေးပြီး တိုင်းပြည်ကို “ငါပိုင်”လုပ်ခဲ့တဲ့ခေတ်ဟာ ပညာကြောင့်။ (ခုမှသာ နည်းမျိုးစုံနဲ့ ပြည်သူ့လက်ခုတ်လိုချင်နေတာ) နိုင်ငံအလယ်ပိုင်းကို ပိုက်လိုင်းခါးပတ် အပတ်ခံရတာလဲ ပညာကြောင့်။ ကမ္ဘာ့အလယ်မှာ နိုင်ငံတောမတိုးတာ ပညာကြောင့်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အနုပညာ ကြိုက်တာကို လက်ညှိုးထိုး ပညာကြောင့်။

ပညာဟာ ဓားစာခံဖြစ်နေတဲ့ ခေတ်ကို နိုင်ငံဦးဆောင်သူတွေတင်မက ကျွန်တော်တို့ အားလုံးဝိုင်းဝန်းမှ ငွေကြေးဟာ ပညာရဲ့ ဝန်ထမ်းဖြစ်ပြီး ပညာဟာ နိုင်ငံရဲ့ ဂုဏ်တော်ဖြစ်မှာပါ။ “ ပညာဟာ ငွေကြေးရဲ့ ဝန်ထမ်းမဖြစ်ဖို့ ပညာဟာ နိုင်ငံရဲ့ ပြည့်တန်စာ မဖြစ်ဖို့ ” ကျွန်တော်တို့ အားလုံး ကြိုးစာကြပါစို့။ ဒီသတင်းဟာ နိုင်ငံကို အဆိပ်သွင်းတဲ့သတင်းမဟုတ်တဲ့အတွက် နောက်ကျဖော်ပြလဲ မီဒီယာမှာ အမှားမရှိပါ။ ပညာရေးနဲ့ ပတ်သတ်ရင် လောဘကြီးတဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီးလေးအား လေးစားဂုဏ်ယူလျက်။  ချစ်ဇနီးထရီဇာ ကျောင်းထားပေးပြီး ဆရာဝန်ဘွဲ့ရသွားတဲ့ ကလေးတွေအတွက် ဂုဏ်ယူလျက် ဒီပို့စ်လေးပြန်တင်ဖြစ်ပါတယ် ” ဆိုပြီး တင်ခဲ့ပါတယ်။

Source; Htwe Lynn Ko FB

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။