ATM စက်ထဲက ငွေတွေကို ကိုက်ဖြတ်စားသောက်ရင်း သေပွဲဝင်သွားတဲ့ ကြွက်ကလေး

လောကကြီးမှာ နေ့စဉ်နဲ့အမျှ ထူးဆန်းတာတွေ ဖြစ်ပျက်နေတာဟာ သဘာဝပါပဲ။ ဘယ်သူမဆို မမျှော်လင့်တဲ့ အချိန်၊ မမျှော်လင့်တဲ့နေရာမှာ မမျှော်လင့်တာတွေလည်း ကြုံလာနိုင်ပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း မထူးဆန်း သယောင် ရှိပေမယ့် ထူးဆန်းတဲ့ အဖြစ်အပျက်လေးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ATM စက်နဲ့ ကြွက်လေး တစ်ကောင်ရဲ့ တကယ့်လက်တွေ့ အဖြစ်အပျက်လေးတစ်ခုပါ။


အဲဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက မြို့ကြီးတစ်မြို့ဖြစ်တဲ့ Assam က Tinsuki မှာ ဖြစ်ပျက်ခဲ့တာပါ။ အဲဒါကတော့ ကြွက်လေးတစ်ကောင်ဟာ ATM စက်အတွင်းထဲမှာ ပိတ်မိနေခဲ့ပြီး ပြန်ထွက်လို့ မရတဲ့အဆုံး စက်ထဲမှာရှိနေတဲ့ အမေရိကန်ဒေါ်လာ ၁၈,၀၀၀ နီးပါးတန်တဲ့ အိန္ဒိယရူပီးငွေတွေအားလုံးကို ကိုက်ဖြတ်စားသောက်ပစ်ခဲ့ပါတယ်။


ကြွက်လေးဟာ စက်ထဲက အိန္ဒိယရူပီးငွေပေါင်း ၁၂ သိန်းလောက်ကို ကိုက်ဖြတ်ခဲ့တာကြောင့် ATM စက်ဟာ ပုံမှန်အတိုင်း အလုပ်မလုပ်တော့ဘဲ အဲဒီစက်တွေမှာ လာထုတ်သူတွေဟာလည်း ငွေထုတ်မရတဲ့ အဆင်မပြေမှု တွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ATM စက်ဟာ အရင်က အတော်လေးကောင်းခဲ့တဲ့ စက်ဖြစ်ပေမယ့် ၁၂ ရက်ကျော်ကြာအောင် ငွေထုတ်မရ ဖြစ်ခဲ့ပါတယ်။


စက်ကို ဖွင့်ကြည့်တဲ့အချိန်မှာတော့ အစိတ်စိတ်အမွှာမွှာ ပျံ့ကြဲနေတဲ့ ငွေစက္ကူအပိုင်းအစတွေနဲ့အတူ သေဆုံး နေပြီ ဖြစ်တဲ့ ကြွက်လေးကို တွေ့ရှိခဲ့ကြပါတယ်။ အဲဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် လောဘကြောင့် ငွေ နောက်လိုက်တာမဟုတ်ပေမယ့် မလိုအပ်ဘဲ ပိုက်ဆံတွေကို စားမိခဲ့တဲ့ ကြွက်လေး၊ ဝါးနိုင်တာထက် ပိုဝါးမိခဲ့တဲ့ ကြွက်လေးဟာ နောက်ဆုံးတော့ သေပွဲဝင်သွားခဲ့ရပါတယ်။


ATM စက်နဲ့ ကြွက်လေးရဲ့ အဖြစ်အပျက်ကနေ တဆင့် ငွေနောက်ကို လောဘတကြီးမလိုမိကြဖို့၊ မိမိဝါးနိုင်တာ ထက် ဒါမှမဟုတ် မိမိလိုအပ်တာထက် ပိုမဝါးမိကြဖို့ သင်ခန်းစာယူနိုင်ပါတယ်။ တစ်ခါတရံမှာ ငွေနောက် လိုက်လွန်းရင် ဘာမှမမြင်တော့ဘဲ ဒုက္ခတွေ့တတ်တာကို သတိမူသင့်ပါတယ်။ အဲဒါကြောင့် အဲဒီကြွက်ကလေး လို ငွေတွေကိုတော့ ဝအောင်ဝါးလိုက်ရပါရဲ့၊ ဒါပေမဲ့ နောက်ဆုံး ဇာတ်သိမ်းမလှတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ဆင်ခြင်နိုင်ကြပါစေ။


by Cherry Mon
Ref; selfdevelopshop

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။