အမိုက်စား Avengers ဗီဒီယိုဂိမ်းရဲ့ ပထမဆုံးဂိမ်းနမူနာ ထွက်ရှိ

မာဗယ်ရဲ့ Avengers: Endgame ရုပ်ရှင်ဟာ မပြသခင်ကတည်းက ဟိုးလေးတကျော်နာမည်ကြီးခဲ့ပြီး ပြသချိန် မှာလည်း စံချိန်တင်တဲ့အထိ ဝင်ငွေကောင်းခဲ့တဲ့တာကြောင့် ခေတ်အဆက်ဆက် ဒုတိယမြောက်ဝင်ငွေ အကောင်းဆုံးရုပ်ရှင် ဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းပြသပြီးချိန်အထိ ပရိသတ်တွေကြားမှာလည်း ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ Avengers ဆိုတာဟာလည်း မာဗယ်ရဲ့နာမည်အကြီးဆုံးလို့ ဆိုရမယ့် စူပါဟီးရိုးအဖွဲ့ ဖြစ်ပါတယ်။ အခုဆိုရင် မာဗယ်ဟာ သူတို့ရဲ့ပရိသတ်တွေအတွက် Avengers ဗီဒီယိုဂိမ်းသစ်ကို ထပ်မံမိတ်ဆက်ပြီး ပထမ ဆုံး ဂိမ်းနမူနာကိုပါ ပွဲထုတ်လိုက်ပြီ ဖြစ်ပါတယ်။


ဂျပန်နိုင်ငံက နာမည်ကျော်ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်တဲ့ Square Enix က ဖန်တီးလိုက်တဲ့ Avengers ဂိမ်းသစ်ရဲ့ ပထမဆုံးနမူနာကို ကုမ္ပဏီရဲ့ E3 2019 press conference ပွဲမှာ ပွဲထုတ်မိတ်ဆက်လိုက်တာ ဖြစ်ပါ တယ်။ Marvel Entertainment က Square Enix နဲ့ အတူတွဲဖက်လုပ်ကိုင်နေတဲ့ အချိန် လွန်ခဲ့တဲ့ နှစ်နှစ်ခွဲ လောက်ကတည်းက အဲဒီဂိမ်းအကြောင်း စတင်ကြေညာခဲ့တာပါ။ အခုအချိန်မှာတော့ မာဗယ်ရဲ့ Avengers စူပါဟီးရိုးဂိမ်းကို ပွဲထုတ်ဖို့ သေချာသလောက် ဖြစ်သွားပါပြီ။


ဒါပေမဲ့ အဲဒီဂိမ်းထဲမှာ ပါဝင်မယ့် စူပါဟီးရိုးမိုဒယ်တွေဟာ MCU တုန်း ဇာတ်ကောင်တွေနဲ့တော့ ကွာခြားမှုရှိပါ တယ်။ အဲဒါကြောင့် တိုနီစတာ့ခ်နေရာမှာ ရောဘတ်ဒေါင်းနေးဂျူနီယာ မဟုတ်သလို ကပ္ပတိန်အမေရိက နေရာ မှာလည်း ခရစ္စအီဗန်မျက်နှာကို တွေ့ရမှာ မဟုတ်ပါဘူး။ အဲဒီအစား Crystal Dynamics က ဇာတ်ကောင် တစ်ခုချင်းစီအတွက် အထူးသီးသန့်ပုံစံတွေကို ဖန်တီးထားတာ ဖြစ်ပါတယ်။


ဂိမ်းရဲ့ ဇာတ်လမ်းသွားကတော့ Avengers: Age of Ultron နဲ့ Captain America: Civil War တို့လို မာဗယ်ရုပ်ရှင်တွေနဲ့ အတော်လေးနီးစပ် အောင် ဖန်တီးထားပုံရပါတယ်။ ဂိမ်းထဲကဇာတ်ကောင်တွေထဲမှာတော့ Captain America, Iron Man, Hulk, Black Widow နဲ့ Thor တို့လို ဇာတ်ကောင်တွေ ပါဝင်ပါတယ်။ ဂိမ်းထဲက ဇာတ်ကောင်တွေရဲ့ စကားသံတွေကိုလည်း Crystal Dynamics ကနေပဲ စီစဉ်ဖန်တီးပေးထားတာ ဖြစ်ပါတယ်။


ဂိမ်းစတူဒီယိုရဲ့အဆိုအရတော့ ဂိမ်းမှာ ကစားသူလေးယောက် ရှိမှာ ဖြစ်ပြီး ဂိမ်းစီးရီးထဲမှာ ဂိမ်းပေါင်းများစွာ ပါဝင်တယ်လို့လည်း ဆိုပါတယ်။ အဲဒီဂိမ်းကို လာမယ့် ၂၀၂၀ ပြည့်နှစ်၊ မေ ၁၅ ရက်မှာ စတင်ထုတ်လုပ် ဖြန့်ချိသွားဖို့ စီစဉ်ထားပြီး PS4, Xbox One, PC နဲ့ Google Stadia တို့မှာ ကစားနိုင်မှာပဲ ဖြစ်ပါတယ်။ ဂိမ်းမှာ MCU က စူပါဟီးရိုးဇာတ်ကောင်တွေရဲ့ သရုပ်ဆောင်တွေနဲ့ ရုပ်ရော အသံရော မတူပေမဲ့ ပရိသတ်တွေချစ်ကြ တဲ့ စူပါဟီးရိုးဇာတ်ကောင်တွေကို သုံးပြီး ဂိမ်းကစားနိုင်မှာ ဖြစ်တာကြောင့် မာဗယ်ပရိသတ်တွေရော ဂိမ်းချစ်သူ တွေပါ ကျေနပ်ကြမယ်လို့ ထင်ပါတယ်။


by Cherry Mon
Ref; The Verge, We Got This Covered

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။