ထိုင်းအဆိုတော်တစ်ဦး ဖုန်းခိုးခဲ့ကြောင်း Video ထွက်ပေါ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် သတ်သေ

ရုပ်ရည်ချောမောလှပပြီး စွဲဆောင်မှုရှိတဲ့ အသံလေးနဲ့ ပရိသတ်ကို ဖမ်းစားနိုင်ခဲ့တဲ့ ထိုင်းအမျိုးသမီးအဆိုတော်ဟောင်း အသက် (၃၂)နှစ်အရွယ် Anyanee ဟာ မကြာသေးခင်က iPhone ဖုန်းတစ်လုံးကို ခိုးယူခဲ့ကြောင်း Video ထွက်ပေါ်လာပြီးနောက် ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်သွားတယ်လို့ သိရပါတယ်။

Anyanee ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း Mueang Lamphun ခရိုင်မှာ နေထိုင်သူဖြစ်ပြီး သူမရဲ့ အလောင်းကို သူမအိမ်ရဲ့ ကားဂိုထောင်ထဲမှာ သေဆုံးလျှက် တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ကားထဲမှာ မီးလောင်နေဆဲ မီးသွေးဖိုတစ်လုံးနဲ့အတူ သူမကို တွေ့ရှိခဲ့တာဖြစ်ခြင်းကြောင့် ထိုင်းရဲတပ်ဖွဲ့မှ ကိုယ့်ကိုယ်ကို သေကြောင်းကြံခဲ့မှုအဖြစ် ယူဆထားပါတယ်။ ဒါ့အပြင် သူမ သေဆုံးတဲ့နေ့ဟာ တရားရုံးမှာ တရားရင်ဆိုင်ရမယ့်နေ့ ဖြစ်တယ်လို့လည်း သိရပါတယ်။

Anyanee ဟာ လွန်ခဲ့တဲ့ (၂)လခန့်က Mueang Lamphun ခရိုင်ရဲ့ ဈေးဝယ်စင်တာတစ်ခုမှာ iPhone ခိုးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး လတ်တလောမှာ တရားရင်ဆိုင် နေရတာပဲ ဖြစ်ပါတယ်။ ဖုန်းဆိုင်ပိုင်ရှင်က သူမ ဖုန်းဆိုင်မှ iPhone တစ်လုံးကို Anyanee ခိုးယူခဲ့ကြောင်းကို လူမှုကွန်ယက်ပေါ် Video တင်ခဲ့ပြီးနောက် အဆိုပါ Video ထဲက အမျိုးသမီးဟာ Anyanee ဖြစ်တယ်လို့ မိသားစုတွေက ဝန်ခံခဲ့ကြပါတယ်။ ဒါ့ပေမဲ့ သူမဟာ စိတ်ကျဝေဒနာကို ခံစားနေရသူဖြစ်ပြီး မကြာခဏ အသိစိတ်လွတ်လွတ်သွားတတ်ကြောင်းကိုလည်း မိသားစုဝင်တွေက ရှင်းပြခဲ့ကြပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကလည်း  Anyanee တစ်ယောက် စိတ်ကျရောဂါ အပြင်းအထန်ခံစားခဲ့ရပြီး ချင်းမိုင်က ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတယ်လို့ သူမရဲ့ ဦးလေးဖြစ်သူ ပြောပါတယ်။ လက်ရှိမှာတော့ Anyanee ရဲ့ အလောင်းကို စစ်ဆေးနိုင်ဖို့ ဆေးရုံကို ပို့ထားတယ်လို့လည်း သိရပါတယ်။

အဆိုတော် တစ်ယောက်ဖြစ်သလို ရုပ်ရည်လည်း ချောမောလှပတာကြောင့် Anyanee ကို ဝန်းရံတဲ့ Fan တွေ များစွာရှိပြီး Facebook User တွေကြားမှာလည်း ရေပန်းစားတဲ့ idol အဖြစ် သတ်မှတ်ခံထားရပါတယ်။

Source; chiangraitimes.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။