အသက် ၂၇ နဲ့ ၃၅ နှစ် အတွင်းမှာ အချစ်စစ်နဲ့ တွေ့တတ်ကြောင်း လေ့လာတွေ့ရှိ

အခုအချိန်အထိ အချစ်ကိုမတွေ့နိုင်သေးဘူးလား ဒါမှမဟုတ် အသည်းတွေခဏခဏကွဲပြီး လက်တွဲဖော် အစစ် အမှန်ကို မတွေနိုင်သေးဘူး ဖြစ်နေပြီလား။ အဲဒါဆိုရင်တော့ မပူပါနဲ့။ သင့်အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ အကြောင်းကတော့ လန်ဒန်တက္ကသိုလ်က သိပ္ပံပညာရှင်တစ်ယောက်ရဲ့ သိပ္ပံနည်းကျလေ့လာ စမ်းစစ်မှုတွေအရ လူတစ်ယောက်ဟာ အသက် ၂၇ နှစ်နဲ့ ၃၅ နှစ်ကြားမှာ ဘဝလက်တွဲဖော်ကို ရှာဖွေတွေ့ရှိနိုင် တယ်လို့ သိရှိရပါတယ်။


Optimal Theory အရ အမျိုးသားနဲ့ အမျိုးသမီးစုံတွဲတွေကို တွက်ချက်လေ့လာခဲ့ရာမှာလည်း လူတွေဟာ ပျမ်းမျှအနေနဲ့ သူတို့ရဲ့လက်တွဲဖော်ကို အသက် ၂၇ နှစ်ဝန်းကျင်မှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလိုသုတေသနပြုလေ့လာမှုမှာ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ အတွက်အချက်ပညာရှင် Hannah Fry ရဲ့ အဆိုအရ ပထမဆုံးအချစ်ဦးကို လက်ထပ်တာဟာ အကြံကောင်းတစ်ခု မဟုတ်ဘူးလို့ ဆိုပါတယ်။


အကြောင်းကတော့ လူတွေဟာ သူတို့ရဲ့ငယ်ဘဝမှာ အချစ်စစ်ကို ရှာတွေ့ဖို့ ခဲယဉ်းတယ်လို့ ဆိုပါတယ်။ သဘောကတော့ အသက် ၄၀ မတိုင်ခင် လက်ထပ်ချင်တယ်ဆိုရင်တော့ အသက် ၁၅ နှစ်ကနေ ၂၇ နှစ်အတွင်း တွေ့ဆုံချစ်ကြိုက်ခဲ့သူတွေနဲ့ ဘဝလက်တွဲဖော်ဖြစ်နိုင်ချေ နည်းတယ် ဒါမှမဟုတ် ပျော်ရွှင်နိုင်ချေနည်းတယ် လို့လည်း Fry က ဆိုပါတယ်။


ဒါ့ပြင် Fry က လူတွေရဲ့ အရင်က အချစ်ရေးအတွေ့အကြုံတွေနဲ့ အသည်းကွဲခဲ့ဖူးတာတွေဟာ အနာဂတ်အတွက် ဘဝလက်တွဲဖော်ရှာဖွေရာမှာ သင်ခန်းစာယူနိုင်တယ်လို့လည်း အကြံပြုထားပါတယ်။ အသက် ၂၀ တန်းရဲ့အဆုံး၊ အသက် ၃၀ တန်းကို ဝင်ပြီဆိုတာနဲ့ သင်ဟာ လုံလောက်စွာ ရင့်ကျက်နေပြီဖြစ်ပြီး ဘဝလက်တွဲဖော်ရှာဖွေရာမှာလည်း လက်တွေ့ကျကျ ပိုတွေးတောတတ်လာပါပြီ။ သင့်အသက်ကြီးလာလေ ဘဝလက်တွဲဖော်ရှာရာမှာ ပိုစဉ်းစာတတ်လာလေပါပဲ။


Fry ရဲ့သီအိုရီအရဆိုရင် တွက်ချက်မှုပညာနဲ့ အယ်လဂိုရီသမ်ကို အခြေခံထားတဲ့ လူသားတွေရဲ့ အပြုအမူ အကျင့်စရိုက်တွေဟာ ပြောင်းလဲယိမ်းယိုင်တတ်ပေမဲ့ အချစ်ကိုတော့ အမြဲတမ်း ပုံသေကားချပ် တွက်ချက်လို့ မရပါဘူး။ အဲဒါကြောင့် သင့်အနေနဲ့ အသက် ၂၇ နှစ်မတိုင်ခင်မှာ ဘဝလက်တွဲဖော်တစ်ယောက်ကို တွေ့ရှိနေပြီ ဆိုရင်လည်း အဲဒါဟာ အချစ်စစ်မဟုတ်ဘူးလို့ မဆိုလိုပါဘူး။


လူတွေဟာ အသက် ၂၇ နဲ့ ၃၅ နှစ်ကြားမှာသာ အချစ်စစ်ကို အများဆုံးရှာဖွေတွေ့ရှိတယ်ဆိုတာဟာ မှန်ကန်တဲ့ လေ့လာစမ်းစစ်မှုတစ်ခု ဖြစ်ပေမဲ့လည်း ပျမ်းမျှသဘောကို ဆိုလိုတာပါ။ စိတ်ခံစားချက်တွေကို ခန့်မှန်းပြောဆိုဖို့ဆိုတာ ရှုပ်ထွေးလှပြီး နားလည်သဘောပေါက်ဖို့လည်း ခဲယဉ်းပါတယ်။ ဒါပေမဲ့ အတွက်အချက်ပညာရှင်တွေဟာ စာရင်းကောက်ခံချက်တွေအရ နှိုင်းယှဉ်လေ့လာပြီး ဖြစ်လေ့ဖြစ်ထ ရှိတာတွေကို စစ်တမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီလေ့လာစမ်းစစ်မှုဟာ အများစုအတွက် အကျုံးဝင်ပေမဲ့လည်း တချို့အတွက်တော့ သက်ရောက်မှုမရှိနိုင်ပါဘူး။


by Cherry Mon
Ref; Good Times

 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။