ဆီထမင်း ထိုးစားကြရအောင်

အခုလိုရာသီဥတုမျိုးမှာ မနက်စောစောစီးစီး မိုးတွေကရွာနေရင် မနက်စာကို အပြင်ထွက်ပြီး ဝယ်စားဖို့ကျတော့ အဆင်ပြေမနေပါဘူး။ မိုးအေးအေးလေးမှာ ဆီထမင်းပူပူလောလောလေးကို အိမ်မှာပဲ ထိုးစားကြရအောင်နော်။

ကောက်ညှင်းဆန် နို့ဆီဗူး ၁ ဗူးကို ရေဆေးကာ မိနစ် ၂၀ လောက်ရေစိမ်ထားပြီး ရေပြန်စစ်ထားပါ။ရေစိမ်ထားလျှင် ဆီထမင်းထိုးတဲ့အခါ ကောက်ညှင်းမြန်မြန်ကျက်ပါတယ်။ ဆီထမင်းထိုးမည့် ဒယ်အိုးထဲတွင် ဆီ ၂ ကျပ် ခွဲသားခန့်ထည့်၍ ပါးပါးလှီးထားသော ကြက်သွန်နီ ၅ လုံးကို နနွင်းအသင့်အတင့်တို့ ဖြင့်ကြော်ပါ။ကြက်သွန်နီများ ရဲပြီးရွှေရောင်သမ်းလာပါက သုံးပုံ နှစ်ပုံကို ခတ်ယူ၍ ဆီစစ်ထားပါ။ ကျန်ကြက်သွန်နီကြော်များ ထဲသို့ ရေစစ်ထားသော ကောက်ညှင်းဆန်များနှင့် ဆားအနည်းငယ်ထည့်ပြီး မွှေပေးပါ။ရေနွေးကို ကောက်ညှင်းဆန်မမြုတ်တမြုတ်ထည့်ကာ မွှေပြီး အဖုံးအုပ်ထားပါ။ရေများကုန်သွားပြီး ကောက်ညှင်းဆန်မာနေသေးလျှင် ရေနွေးနည်းနည်းလေးလောက်ပဲ ထည့်ပြီးမွှေပေးပါ။ရေခမ်းပြီး ကောက်ညှင်းအနေတော်ဖြစ်လျှင် ချိုးကပ်နေသော အောက်ဖက်ကို အထက်သို့ လှန်ပေးပါ။ မွှေးပျံ့ပြီးအရသာရှိသော ဆီထမင်းလေးကို ပဲပြုတ်၊ ကြက်သွန်နီကြော်၊နှမ်းထောင်း၊ငါးခြောက်ကြော်တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။