မန္တလေးမြို့မှာ သုံးဘီးဆိုင်ကယ်သမားကို သတ်ပြီး သုံးဘီးဆိုင်ကယ်နဲ့ ပစ္စည်းများ လုယက်ခံရ

ယမန်နေ့ ဇွန်လ (၁၂)ရက်နေ့  ည(၈)နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျွဲဆည်ကန်ကားကြီးကွင်းမှ အဌားလိုက်သွားတဲ့ သုံးဘီးဆိုင်ကယ်ကားသမား တစ်ဦး ဓားနဲ့ ထိုးသတ်ခံရပြီး သုံးဘီးဆိုင်ကယ် လုယူခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ သုံးဘီးဆိုင်ကယ်အား ဌားရမ်းသွား တရားခံ(၄)ဦးထဲမှာ မိန်းမလျာတစ်ဦး ပါဝင်ပြီး ယာဉ်မောင်းကို နတ်ရေကန်အနီးမှာ သတ်ခဲ့တာလို့ သိရပါတယ်။ ဒါ့အပြင် လုယက်သူများဟာ သေဆုံးသူထံမှ ပိုက်ဆံ (၅)သောင်းကျပ်နဲ့ ဖုန်းကိုလည်း ယူဆောင်သွားကြတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ သုံးဘီးဆိုင်ကယ်ကို မြစိမ်းရောင်ခန်းမရှေ့ (၃၅)နဲ့ (၉၀) အနားမှာ ပြန်တွေ့ရှိခဲ့ပြီး တရားခံများကိုတော့ ဖမ်းမမိသေးပါဘူး။ ကနဦးသတင်းများအရ သေဆုံးသူဟာ မနေ့ည (၈)နာရီလောက်က အိမ်ကနေ ကျွဲဆည်ကန်ကို ဧည့်သည်လိုက်ပို့ပြီး ပြန်အထွက်မှာ မြစ်ငယ်သွားမှာမို့ လိုက်ပို့ခိုင်းတဲ့ ခရီးသည် (၄)ယောက်ကို လမ်းကြုံတင်ခဲ့ပါတယ်။ အဆိုပါ တရားခံ(၄)ဦးထဲမှာ မိန်းမလျာတစ်ဦးပါဝင်ပြီး လမ်းမှာ ဆီဝင်ဖြည့်စဉ် ညဘက်မမောင်းတဲ့ ယာဉ်မောင်းဖြစ်တယ်ဆိုတာ ဆီဆိုင်မှ ပြောလို့ သိခဲ့ရပါတယ်။ ဒါ့အပြင် ညဘက် မောင်းနှင်သူမဟုတ်တဲ့အတွက် သေဆုံးသူရဲ့ ဆိုင်ကယ်မှာ မီးသီးတပ်မထားဘူးလို့လည်း သိရပါတယ်။

အဲ့နောက် ငြိမ်းသုခ နာရေးကူညီမှုအသင်းရဲ့ ကားနဲ့ မိန်းမလျာတစ်ယောက်ထဲ သေဆုံးသူ သုံးဘီးဆိုင်ကယ်သမားရဲ့ အလောင်းကို လာပို့ခဲ့ပြီး လက်မှတ်မထိုးဘဲ ပြန်ထွက်သွားတယ်လို့ သိရပါတယ်။ အဆိုပါ နာရေးကူညီမှုအသင်းကို လိုက်သွားပြီး စုံစမ်းတဲ့အခါ ၎င်းမိန်းမလျာ ပြန်ထွက်သွားပြီး သူ့လိပ်စာနဲ့ ဖုန်းနံပတ်ကို ချန်မထားခဲ့ဘူးလို့ အသင်းမှ ဆိုပါတယ်။ လက်ရှိမှာတော့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လူသတ်တရားခံ (၄)ဦးကို ရှာဖွေစုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။